မြန်မာ အပါအဝင် ကမ္ဘာအနှံ့က ပဋိပက္ခ ဇုန်တွေမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာ

Photo – AP

ဇွန်၊ ၁၃

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာ ပဋိပက္ခတွေနဲ့ ဆက်နွှယ်ပြီး ကလေးတွေအပေါ် အကြမ်းဖက် ကျူးလွန်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ပဋိပက္ခတွေကြောင့် ကလေးတွေ သေဆုံးတာ၊ ဒဏ်ရာရတာမျိုး ဖြစ်စဉ်တွေဟာ ကမ္ဘာ့နိုင်ငံနဲ့ ဒေသတချို့မှာ မကြုံစဖူး မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစောင်အရ သိရပါတယ်။

‘လက်နက်ကိုင် ပဋိပက္ခ အတွင်းမှ ကလေးများ’ နှစ်ပတ်လည် အစီရင်ခံစာကို အခုသီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့ရာမှာ အစ္စရေး၊ ပါလက်စတိုင်း၊ ဆူဒန်၊ ယူကရိန်းနဲ့ မြန်မာနိုင်ငံတွေမှာ အဲဒီ ပြဿနာတွေ အဓိက ဆိုးဆိုးရွားရွား ကြုံနေရတာလို့ ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်အောက်အရွယ် ကလေးတွေအပေါ် ပဋိပက္ခတွေနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေဟာ တုန်လှုပ်စရာ ပမာဏအဖြစ် ၂၁ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဖြစ်စဉ်တွေဟာ ကွန်ဂို၊ ဘာကီနာဖာဆို၊ ဆိုမာလီယာနဲ့ ဆီးရီးယား နိုင်ငံတွေမှာလည်း ပေါ်ပေါက်နေပါတယ်။

ကလေးသူငယ်တွေကို သေဆုံးစေမှု၊ နာကျင်စေမှု၊ ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်မှုတွေအတွက် အစ္စရေးစစ်တပ်ကို ကုလသမဂ္ဂ အစီရင်ခံစာရဲ့ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု နာမည်ပျက် စာရင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေ ပိုကြမ်းတမ်း ပြင်းထန်လာခြင်းနဲ့အတူ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေက တစ်နှစ်အတွင်း ၁၂၃ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအပြင် လက်နက်ကိုင် အဖွဲ့အစည်း ၇ ခုတို့ကို အခုနှစ် နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေး ၂၀၉၃ ဦးကို ဆိုးဆိုးရွားရွား ကျူးလွန်တဲ့ ပြစ်မှု ၂၇၉၉ ခုကို ကုလသမဂ္ဂ အတည်ပြု စိစစ် တွေ့ရှိထားကြောင်း၊ အဲဒီထဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှု ၂၃၈ ခုနဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတဲ့ထိ ဒဏ်ရာရစေမှု ၆၂၃ ခုတို့ ပါဝင်ခဲ့ပါတယ်။

၂၀၂၃ တနှစ်တာလုံးမှာ ကလေးတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အခွင့်အရေး ချိုးဖောက်မှု ၃၀၇၀၅ ခုကို ကုလသမဂ္ဂက စိစစ် တွေ့ရှိထားပြီး ယောက်ျားလေး ၁၅၈၀၀ နဲ့ မိန်းကလေး ၆၂၅၀ တို့အပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိခဲ့ကြောင်း၊ တချို့ဟာ ကျူးလွန်မှုတွေကို တကြိမ်မက ခံစားခဲ့ရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ကလေးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်ချက်ဖြစ်ပြီး အထူးသဖြင့် အာဏာသိမ်း စစ်တပ်ဟာ အဓိက လက်သည်အဖြစ် ဦးဆောင်နေပါတယ်။ စစ်တပ်ဟာ ကလေးတွေကို သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတဲ့ထိ ဒဏ်ရာရစေတာ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပင်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။

ကမ္ဘာအနှံ့က လက်နက်ကိုင် ပဋိပက္ခတွေရဲ့ သဘောသဘာဝ ပြောင်းလဲလာတာတွေ၊ ရှုပ်ထွေးမှုတွေ၊ ပိုမိုကျယ်ပြန့်ပြီး အရှိန်မြင့်တက်လာတာတွေကြောင့် ကလေးတွေအပေါ် ထိခိုက်စေမှုတွေ ပိုများလာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။ လူထူထပ်ရာ ဧရိယာတွေမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်တွေ အသုံးပြု တိုက်ခိုက်တာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ သိမ်းကျုံးပြီးဖြစ်စေ တိုက်ခိုက်တာမျိုးကလည်း ကလေးတွေရဲ့ ထိခိုက်နစ်မွန်းမှုတွေကို ပိုမို ထူထပ်လာစေတယ်လို့ သူက သတိပေး ပြောကြားသွားခဲ့ပါတယ်။

Ref: AFP