ဇွန်၊ ၁၂
ပရက်ဂ် မြို့တော်မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု တခုဟာ ရုရှားလက်ချက် ဖြစ်နိုင်တယ်လို့ ချက်နိုင်ငံ သမ္မတက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ချက်အမျိုးသား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ ညီလာခံအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သမ္မတ ပီတာ ဖီယာလာက အဲဒီ မီးရှို့မှုဟာ ရုရှားက ဥရောပ နိုင်ငံတွေထဲမှာ ဖျက်ဆီးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြံစည် အားထုတ်နေတဲ့ မစ်ရှင် အစိတ်အပိုင်းတခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စပိန်စကားပြောပြီး တောင်အမေရိက ဒေသတွင်း နိုင်ငံတခုက ရောက်ရှိလာတဲ့ နိုင်ငံခြားသား တဦးကို မီးရှို့ဖို့ ကြံစည်တဲ့ အကြမ်းဖက် စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ကြောင်း ပရက်ဂ်မြို့တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ပရက်ဂ်မှာ ဂိတ်ထိုးထားတဲ့ ဘတ်စ်ကား တစီးကို မီးရှို့ဖို့ ကြိုးစားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ဥရောပ နိုင်ငံတချို့မှာ အလားတူ ကြုံတွေ့လာတဲ့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ဆက်နွှယ်နိုင်ပြီး နောက်ကွယ်မှာ ရုရှားရဲ့ ကြိုးကိုင်မှုတွေ ရှိနိုင်ခြေ အရမ်းများတယ်လို့ ဖီယာလာက ဆိုပါတယ်။
မေလတုန်းက ပိုလန်နိုင်ငံရဲ့ မြို့တော် ဝါဆော၊ လစ်သူယေးနီးယားရဲ့ အစ်ကီရာ မြို့တွေမှာ ပုံစံတူ မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့တာကို သမ္မတက ထောက်ပြခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ရုရှား ထောက်လှမ်းရေး အေးဂျင့်တွေ၊ ဒါမှမဟုတ် ဆက်စပ် အဖွဲ့အစည်းတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ သူက ယုံကြည်နေပါတယ်။
ဒါတွေကို ရုရှားက လုပ်နေတာ ဖြစ်နိုင်တယ်လို့ သူမပြောကြောင်း၊ အရမ်း ဖြစ်နိုင်ခြေ များတယ်လို့ ပြောချင်ကြောင်း သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားကတော့ အခုကိစ္စမှာ ဘယ်လို ဆက်စပ်မှုမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး ချက်အပါအဝင် ဥရောပနိုင်ငံ အများစုနဲ့ ဆက်ဆံရေး တင်းမာနေပါတယ်။
ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် သတိပေးချက် ထုတ်ပြန်ပြီး ပရက်ဂ်မြို့တော် အနှံ့မှာ လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားခဲ့ပါတယ်။ လက်ရှိ အဖမ်းခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ ကလီကော့ဗ် ရပ်ကွက်ထဲက ဘတ်စ်ကား ရပ်နားစခန်းထဲမှာ မနက်အစောပိုင်း ရပ်နားထားတဲ့ ဘတ်စ်ကား တစီးကို ဓာတ်ဆီလောင်း မီးရှို့ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့ ပရက်ဂ် ပြည်သူ့သယ်ယူပို့ဆောင်ရေး ဌာနကတော့ သူ့လက်ချက်ကြောင့် ဘတ်စ်ကားတချို့ မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ အကြမ်းဖက် ပုဒ်မအတွက် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ် ခံရနိုင်ခြေ ရှိနေပါတယ်။
Ref: BBC