ထိုင်းမှာ ငါးနှစ်အောက် ကလေးတွေရဲ့ တဆယ်ရာခိုင်နှုန်းဟာ အာဟာရနဲ့ ဆာလောင်မှု ပြဿနာတွေ ရင်ဆိုင်နေရ

ဇွန်၊ ၁၀

ထိုင်းနိုင်ငံမှာ ၅ နှစ်အောက် ကလေးတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ အစားအသောက် ချို့တဲ့မှုနဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အပြင်းအထန် ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)ရဲ့ အဆိုအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အဲဒီ ပြဿနာဟာ ပိုမို ကြီးမားပြီး ကလေး ၄ ဦးရှိတိုင်း ၁ ဦးဟာ ဆာလောင် မွတ်သိပ်မှုကြောင့် ရုန်းကန်နေရတယ်လို့ သိရပါတယ်။

The Child Food Poverty: Nutrition Deprivation in Early Childhoodဆိုတဲ့ အစီရင်ခံစာပါ အချက်တွေကို ကိုးကားပြီး Bangkok Post သတင်းစာက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆာလောင်မှု ပြဿနာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးပါးက ကလေးဦးရေရဲ့ ရာခိုင်နှုန်း တခုထိအပေါ် ထင်ထင်ရှားရှား သက်ရောက် ရိုက်ခတ်နေတယ်လို့ ယူနီဆက်ဖ်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ချောင်ဆန်ကင်က ပြောပါတယ်။

ကျန်းမာရးနဲ့ သင့်တော်ပြီး မှန်ကန်ကောင်းမွန်တဲ့ အာဟာရတွေကို စားသုံးခြင်းဟာ လူသားတိုင်းအတွက် အရေးကြီးသလို ကလေးတွေရဲ့ ရှင်သန်မှုနဲ့ ကြီးထွားမှုတွေအတွက် အခြေခံ အခွင့်အရေးတွေ ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းရဲ့ အိမ်နီးချင်းလည်းဖြစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်နွံထဲမှာ ရုန်းကန်နေရတဲ့ နိုင်ငံလည်းဖြစ်တဲ့ မြန်မာကတော့ ၅ နှစ်အောက် ကလေးဦးရေရဲ့ ၃၅ ရာခိုင်နှုန်းဟာ ဆာလောင်မွတ်သိပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒါဟာ ကလေး ၃ ဦးရှိတိုင်း ၁ ဦးထက် မနည်းတဲ့ အရေအတွက်က ဆာလောင်မှုဒဏ်ကို ခံစားနေရတဲ့ သဘောဖြစ်ပြီး ကမ္ဘာ့ပျမ်းမျှ စံနှုန်းထက်ကို အခြေအနေ ပိုဆိုးနေပါတယ်။

ကမ္ဘာတလွှားမှာ ဆာလောင်မှု ပြဿနာ ရင်ဆိုင်နေရတဲ့ ကလေးအားလုံးရဲ့ သုံးပုံနှစ်ပုံကျော်ဟာ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂနစ္စတန်၊ တောင်အာဖရိကတို့ အပါအဝင် နိုင်ငံပေါင်း ၂၀ က ကလေးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူနီဆက်ဖ်ဟာ အနည်းဆုံး တစ်နေ့ကို အစားအသောက် နှစ်နှပ်လောက် ပုံမှန်မစားရတဲ့၊ ကျန်းမာရေးအတွက် သင့်တော်ကြောင်း သတ်မှတ်ထားတဲ့ အစားအစာ အုပ်စု ၈ ခုထဲက အနည်းဆုံး ၅ ခုကို လက်လှမ်းမမီတဲ့ ကလေးတွေကို စာရင်းကောက်ယူ ပြုစုထားတာ ဖြစ်ပါတယ်။

ထူးခြားချက် တခုအနေနဲ့ အစားအသောက် ချို့တဲ့မှုဒဏ် ခံနေရတဲ့ ကလေး ၁၈၁ သန်းထဲက ၄၆ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကလေး ၈၄ သန်းဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက ဖြစ်ပေမယ့် ၅၄ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကလေး ၉၇ သန်းကတော့ ဆင်းရဲကျပ်တည်းတဲ့ မိသားစုတွေထဲက မဟုတ်ဘူး ဆိုတာပါပဲ။ ဒီအချက်က ကလေးတွေ အစားအသောက် ချို့တဲ့မှု၊ ဆာလောင်မွတ်သိပ်မှုဒဏ် ခံရတာဟာ မိသားစု ဝင်ငွေနဲ့ တိုက်ရိုက် အချိုးမကျဘူးဆိုတာ ညွှန်ပြနေတယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။ အစားအသောက် ချို့တဲ့မှု စာရင်းထဲ နောက်ထပ် ကလေးတွေ ပိုများသွားစေတဲ့ အကြောင်းရင်း တခုကတော့ အာဟာရ မပြည့်ဝဘဲ ကျန်းမာရေးအတွက် မသင့်တော်တဲ့ သရေစာတွေကို အလွန်အကျွံ စားသောက်ခွင့် ပြုထားတာမျိုး ဖြစ်ပါတယ်။

မိသားစု ဝင်ငွေ အကျပ်အတည်းအပြင် ကလေးတွေရဲ့ အစားအသောက် စနစ်ကို အာဟာရ ပြည့်ဝအောင် စီမံခန့်ခွဲပေးမှု ကင်းမဲ့တာ၊ လုံခြုံဘေးကင်းတဲ့ ရွေးချယ်ခွင့်မျိုး မဖန်တီးပေးနိုင်တာ၊ မိသားစုက အာဟာရ ပြည့်မီတဲ့ အစားအသောက်မျိုး အကြောင်းတခုခုကြောင့် မစီစဉ်ပေးနိုင်တာ၊ မိဘတွေရဲ့ ပေါ့လျော့ပျက်ကွက်တာလိုမျိုး တခြားညွှန်ကိန်းတွေကလည်း အခုပြဿနာမျိုးကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေလို့ ယူနီဆက်ဖ်က သုံးသပ် ဖော်ပြသွားခဲ့ပါတယ်။

Ref: Bangkok Post