ဂါဇာမှာ စစ်ရှောင်စခန်းအဖြစ် အသုံးပြုနေတဲ့ ကျောင်းကို အစ္စရေးက လေကြောင်းကနေတိုက်ခိုက်ပြီး ဒါဇင်နဲ့ချီ သေဆုံး

ဇွန်၊ ၆

ဂါဇာ ကမ်းမြှောင်ဒေသက စစ်ရှောင်စခန်းအဖြစ် အသုံးပြုနေတဲ့ ကျောင်းတကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂက စီစဉ် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းမှာ လူတွေ ရာနဲ့ချီ ခိုလှုံနေခဲ့ကြတာလို့ သိရပါတယ်။ ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ အစ္စရေး တိုက်လေယာဉ် တစီးက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းက ညူဆိုင်ရတ် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ ကျောင်းရဲ့ အပေါ်ဆုံးထပ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အီရန်ရဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီလုပ်ရပ်ဟာ အစုလိုက် လူသတ်မှု တခုလို့လည်း ဟားမားစ်တွေက စွပ်စွဲခဲ့ပါတယ်။

အစ္စရေးဖက်ကတော့ ဒီစစ်ဆင်ရေးမှာ ပစ်မှတ်ထားခဲ့တာဟာ ဟားမားစ် စစ်ရေး ပစ်မှတ်တခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

စာသင်ကျောင်း အဆောက်အအုံ ဒုံးကျည်တွေ ထိမှန်ခံရပြီးတဲ့နောက် လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အခင်းဖြစ်တဲ့ နေရာဆီ အပြေးအလွှား ရောက်လာတာကိုလည်း တွေ့ရပါတယ်။

 ဟားမားစ်ရဲ့ ပြန်ကြားရေးဌာန အကြီးအကဲ အစ္စမေးလ် အယ်လ် သာဝက်ဘ်တာက ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ကျောင်းမှာ ဟားမားစ် ပြောက်ကျားတွေ ခိုအောင်းနေခဲ့တယ်ဆိုတဲ့ အစ္စရေး စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

အစ္စရေး စစ်တပ်ကတော့ ညူဆိုင်ရတ်မှာရှိတဲ့ ဒုက္ခသည် စခန်းထဲမှာ ရောနှောနေတဲ့ ဟားမားစ် စစ်ရေးပစ်မှတ်တွေကို တိကျပြီး သေသေချာချာ စီမံတွက်ချက်ထားတဲ့ တိုက်ခိုက်မှုမျိုးနဲ့ ချေမှုန်းခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာမှာ စစ်ပွဲ စတင်လာချိန် ကတည်းက စုစုပေါင်း ပါလက်စတိုင်း အရပ်သား ၃၆၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC