သံတွဲတိုက်ပွဲမြို့နဲ့ နီးကပ်လာလို့ ဒေသခံတွေ ပိတ်မိမှာစိုးရိမ်

Photo – Western News

ဇွန်၊ ၅

အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ကြားသံတွဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမြို့နဲ့ နီးကပ်လာနေလို့ ပိတ်မိမှာကိုစိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

AA ဟာ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က တည်းက ထိုးစစ်စတင်ခဲ့ပြီးရွှေလှေတိုက်နယ် တပ်စခန်း၊ ရေကောက်ရွာအနီးရှိတပ်စခန်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းရှိ တပ်စခန်းတချို့တို့ကို သိမ်းပိုက်ထားတာပါ။

အဲဒီနောက်ပြီးခဲ့တဲ့ဇွန်လ၂ရက်ကစလို့ ငပလီကမ်းခြေနဲ့ တမိုင်ကျော်လောက်သာကွာဝေးတဲ့ ဂေါ့ကျေးရွာအနားမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။။ ငပလီကမ်းခြေနဲ့သံတွဲမြို့က ၄မိုင်လောက်သာကွာဝေးတာပါ။

တိုက်ပွဲပြင်းထန်လာတာကြောင့်သံတွဲလေဆိပ်ကိုလည်းဇွန်လ ၃ ရက်ကစလို့ တစ်ပတ်ကြာပိတ်ထားတယ်လို့လည်းဒေသခံတဦးကဆိုပါတယ်။လက်ရှိအချိန်မှာတိုက်ပွဲတွေဟာသံတွဲမြို့နဲ့၅မိုင်လောက်သာကွာဝေးတော့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

“ရှောင်တဲ့သူလည်းရှောင်ပြီ ပိတ်မိမှာကိုစိုးကြတာ လေကြောင်းကလည်းမရတော့” လို့ဒေသတွင်းသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ခမရ (၅၆၆)၊ ခလရ (၅၅) တပ်ရင်းတွေရှိတယ်လို့လည်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကဆိုပါတယ်။

ဒါအပြင်သံတွဲမြို့နယ်မှာAAထိုးစစ်ပြင်းထန်လာတာနဲ့အတူ စစ်ကောင်စီဖက်က အခြေစိုက်တပ်ရင်းတွေနဲ့ရေတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်က လမ်းတွေပိတ်ကာ ကုန်စည်သယ်ခွင့်နဲ့ သွားလာခွင့် ပိတ်ထားတာကြောင့်လည်း ပိတ်မိနေသူတွေပါ ရှိနေပြီး စစ်ရှောင်တွေဟာလည်း စားရေးသောက်ရေး အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကDNAကိုပြီးခဲ့တဲ့ရက်ပိုင်းကပြောထားပါတယ်။