တပ်အင်အား ချဲ့ထွင်ရေးအတွက် နိုင်ငံခြားသား တချို့ကို စစ်မှုထမ်းခွင့်ပြုဖို့ ဩစတြေးလျ စီစဉ်

ဇွန်၊ ၄

တပ်အင်အား ချဲ့ထွင်ဖို့အတွက် နိုင်ငံခြားသား တချို့ကို စစ်မှုထမ်းခွင့် ပေးသွားမယ်လို့ ဩစတြေးလျ ကာကွယ်ရေးတပ် (ADF)က ထုတ်ပြန်ခဲ့ပါတယ်။

ADFက ဩစတြေးလျ နိုင်ငံသားတွေနဲ့အတူ စစ်မှုထမ်းနိုင်ရေး ကန့်သတ် ခွင့်ပြုသွားမယ့် ၄ နိုင်ငံကတော့ နယူးဇီလန်၊ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ ဖြစ်ပါတယ်။ နယူးဇီလန် နိုင်ငံသားတွေဟာ ဇူလိုင်လကစလို့ ADFမှာ စစ်မှုထမ်းခွင့် ပါဝင် လျှောက်ထားနိုင်မှာဖြစ်ပြီး ကျန်တဲ့ ၃ နိုင်ငံဆီက နိုင်ငံသားတွေကိုတော့ ဇန်နဝါရီလမှာ စတင် လက်ခံသွားမယ်လို့ သိရပါတယ်။

ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီး ရစ်ချတ် မားလက်စ်က မျက်မှောက်ခေတ်မှာ ဩစတြေးလျနိုင်ငံ ပိုမိုရင်ဆိုင်လာရတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ကိုင်တွယ် တုံ့ပြန်နိုင်အောင် လုံလောက်တဲ့ တပ်အင်အားမျိုး စုဖွဲ့ တည်ဆောက်ဖို့အတွက် အခု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာလို့ ပြောပါတယ်။ 

ဒေသတွင်း အိမ်နီးချင်းတွေဖြစ်တဲ့ နယူးဇီလန်နဲ့ ဩစတြေးလျတို့ဟာ ပထမ ကမ္ဘာစစ်တုန်းက ဂယ်လီပိုလီမှာ ရဲဘော်ရဲဘက်တွေအဖြစ် အတူလက်တွဲ တိုက်ပွဲ​ဝင်ခဲ့တဲ့ သမိုင်းကြောင်းမျိုး ရှိခဲ့ဖူးပြီး ဖြစ်တယ်လို့လည်း မားလက်စ်က ဆိုပါတယ်။

ပြီးတော့ ၂၀၂၁ ကစလို့ ဩစတြေးလျဟာ Aukus ကာကွယ်ရေး သဘောတူညီချက်အရ ဗြိတိန်၊ အမေရိကန်တို့နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း သိသိသာသာ မြှင့်တင်နိုင်ခဲ့ပါတယ်။

ဩစတြေးလျဟာ အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာချဲ့ထွင်လာမှုတွေကို အလေးအနက် စိုးရိမ်နေပြီး အဲဒီအခြေအနေကို တန်ပြန်ဖို့အတွက် ပိုမိုတောင့်တင်းတဲ့ စစ်အင်အားမျိုး ချဲ့ထွင်နိုင်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Ref: BBC