သူတရားရင်ဆိုင်ရတဲ့ အခြေအနေတွေက ဇနီးဖြစ်သူကို ပိုပြီး ထိခိုက်စေတယ်လို့ ထရမ့်ပြော

ဇွန်၊ ၃
သူရင်ဆိုင်နေရတဲ့ တိတ်တိတ်ပုန်း ပေးငွေကိစ္စ အမှုအခင်းဟာ ဇနီးဖြစ်သူအပေါ် ပြင်းထန်တဲ့ ထိခိုက်သက်ရောက်မှုတွေ ကြုံတွေ့ရစေတယ်လို့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ၂၀၁၆ ရွေးကောက်ပွဲအကြို ကာလတုန်းက သူနဲ့ လူမှုရေး အရှုပ်အထွေး ရှိခဲ့ဖူးတဲ့ ညစ်ညမ်း ရုပ်ရှင်စတားတွေ အပါအဝင် အမျိုးသမီး တချို့ကို နောက်ကြောင်းမဖော်ဖို့ နှုတ်ပိတ်ခ ပေးခဲ့တဲ့ အမှုကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့တဲ့နောက် တရားရုံးမှာပါ အမှုရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီ ပေးချေမှုတွေမှာ ရွေးကောက်ပွဲ ရန်ပုံငွေတွေနဲ့ ရှုပ်ထွေးခဲ့တယ် ဆိုတဲ့အချက်ရယ်၊ ရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အချက်ရယ်ကြောင့် ထရမ့်ဟာ တရားရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ နယူးယောက် တရားရုံးက ထရမ့်အပေါ် စွဲချက်အားလုံး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြစ်ဒဏ် စီရင်ချက်ကိုတော့ အခုလထဲမှာ ချမှတ်ဖို့ ရုံးချိန်း သတ်မှတ်ထားပါတယ်။
ထရမ့်ရဲ့ အမှုဟာ နောက်ကွယ်က လူမှုရေး အရှုပ်တော်ပုံတွေ ဘူးပေါ်သလို ပေါ်လာတာကြောင့် ဇနီးဖြစ်သူ သမ္မတကတော်ဟောင်း မယ်လာနီယာ ထရမ့်အတွက် ထိခိုက်မှုတွေ အများကြီး ဖြစ်ပေါ်စေခဲ့ကြောင်း ထရမ့်က Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။
အခုအချိန်မှာ မယ်လာနီယာအတွက် နာကျင်စရာတွေ အများကြီး ကြုံနေပေမယ့် အဆင်ပြေပြေ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ကြောင်း ထရမ့်က ဆိုပါတယ်။ အခုဖြစ်ရပ်တွေဟာ ကာယကံရှင်ဖြစ်တဲ့ သူကိုယ်တိုင်ထက် မယ်လာနီယာ အပါအဝင် မိသားစုဝင်တွေကို ပိုပြီး အထိနာစေခဲ့ကြောင်း ထရမ့်က ဝန်ခံပါတယ်။
သူက နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ရှိ သူရင်ဆိုင် ဖြတ်သန်းနေရတဲ့ နာကျင်မှုတွေအတွက် ကလဲ့စားချေမှုအဖြစ် အောင်ပွဲရစေမယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။ ထရမ့်ဟာ လက်ရှိ စွပ်စွဲချက်တွေအတွက် ပြစ်ဒဏ်စီရင် ချမှတ်ခံရရင်တောင် သူ့ရဲ့ ရွေးကောက်ပွဲဝင်ခွင့်ကိုတော့ ဥပဒေအရ တားမြစ်လို့ မရပါဘူး။
ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဖလော်ရီဒါ ပြည်နယ်မှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို ကပ်ပြီး အရေးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက် အပါအဝင် နောက်ထပ် ဒါဇင်နဲ့ချီတဲ့ အမှုအခင်းတွေ အတွက်လည်း တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
Ref: Fox