ဗိုလ်မှူးကြီးဗထူးရဲ့ဇာတိ လောင်းလုံးမှာကျင်းပခဲ့တဲ့ ဗထူးနေ့

ဇွန် ၊ ၂

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၉ နှစ်မြောက် “ဗထူးနေ့” အခမ်းအနားကို သူ့ရဲ့ဇာတိဖြစ်တဲ့ တနင်္သာ ရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံမှာ ဒီကနေ့ ဇွန်လ ၂ ရက်၊ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဥ် ခုနစ်ခုနဲ့ ကျင်းပတဲ့ အဲဒီအခမ်းအနားကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

အခမ်းအနားအစမှာ သမဂ္ဂခွပ်ဒေါင်းအလံကို အ လေးပြုခဲ့ကြပြီး ဗိုလ်မှူးကြီးဗထူးအပါအဝင် လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ရသူတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချ ဂါရဝပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာ၊ အာဏာရှင် တော်လှန်ရေးကဗျာတွေ ရွတ်ဆိုတာနဲ့ အမှတ်တရစကားပြောတာတွေလည်း ရှိခဲ့ပါတယ်။

အခမ်းအနားကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူတွေထဲ ဗိုလ်မှူးကြီး ဗထူးနဲ့ ဆွေမျိုးတော်စပ်သူတဦးလည်း ပါဝင်ပါတယ်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကျဆုံးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့ကို “ဗထူးနေ့” အဖြစ်သတ်မှတ်ကြောင်း DDMSC က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာဇာတိဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို စတင်ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။

၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးကို စတင်ခဲ့သူ အထက်မြန်မာပြည် စစ်တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူးဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။