မြန်မာနဲ့ နယ်စပ်မှာ မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေး အများအပြား ထိုင်းစစ်တပ် သိမ်းဆည်းရမိ

ဂျွန် ၊ ၁

မြန်မာနဲ့ နယ်စပ်နားမှာ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် မက်သာမက်ဖက်တမင်း ဆေးပြားတွေ အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ဆိုပါတယ်။

ချင်းမိုင်မှာရှိတဲ့ ဖန်ဒေသမှာ ဇွန်လ ၁ ရက် မနက်အစောပိုင်းက နယ်စပ်လုံခြုံရေး ကင်းလှည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒေသစံတော်ချိန် မနက် ၂း၃၀ နာရီ လောက်မှာ ချိုင်ယာနူပက်ဘ် အထူးတပ်ဖွဲ့ လက်အောက်ခံ ကင်းလှည့် ယူနစ် တခုဟာ တမ်ဘွန် မွန်ပင်မှာ မူးယစ်မှောင်ခို ဂိုဏ်းသားတွေနဲ့ ပက်ပင်းတိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲက သိပ်ကြာကြာ မဖြစ်လိုက်ဘဲ မူးယစ်မှောင်ခို ဂိုဏ်းသားတွေ ထွက်ပြေးသွားကြောင်း၊ စစ်သားတွေက အထိအခိုက် မရှိခဲ့ကြောင်း ချင်းမိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနရဲ့ အကြီးအကဲ ဗိုလ်ချုပ် နာရစ် သာဗွန်ဗွန်က ပြောပါတယ်။

မူးယစ်မှောင်ခို ဂိုဏ်းသားတွေ ထွက်ပြေးသွားကြတဲ့ အချိန်မှာ မက်သာမက်ဖက်တမင်း ဆေးပြား စုစုပေါင်း ၂ သိန်းလောက်ကို စွန့်ပစ်သွားခဲ့တာပါ။ မနက် ၆း၀၀ နာရီလောက်မှာ နေ့အလင်းရောင် ရလာလို့ လုံခြုံရေး တပ်ဖွဲ့တွေက အဲဒီနေရာကို စီးနင်း စစ်ဆေးတဲ့ အခါမှာတော့ ဆေးပြား ၁ သိန်းစီ ထည့်နိုင်အောင် ပြုပြင်ထားတဲ့ ခရီးဆောင် ကျောပိုးအိတ် နှစ်လုံးကို သိမ်းဆည်း ရမိခဲ့ပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး မူးယစ်မှောင်ခိုဂိုဏ်းထဲမှာ ဘယ်နိုင်ငံသားတွေ ပါဝင်ခဲ့သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

Ref: Bangkok Post