ကော့ကရိတ်-မြဝတီဒေါနတောင်ပေါ်လမ်းဟောင်းကိုပြန်အသုံးပြုလာ

Photo – DNA (ပုံစာ -ဒေါနတောင်ပေါ်ကားလမ်းပိုင်းတနေရာကို၂၀၂၃ခု နှစ်အတွင်းတွေ့ရစဉ်)

မေ၊ ၂၉

 
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီသွားဒေါနတောင်ပေါ်ကားလမ်းဟောင်းမှာ ဒီကနေ့ မေလ ၂၉ ရက်က စပြီး ယာဉ်ကြီးယာဉ်ငယ်အားလုံး ပြန်လည်အသုံးပြုနေကြတယ်လို့ မော်တော် ယာဉ်ပြေးဆွဲနေသူတွေဆီက သိရပါတယ်။
“ဒီနေ့ အတက်ပေါ့၊ မနက်ဖြန်အဆင်း အဲဒီလိုနဲ့ စတင်နေပြီ၊ ဟိုထို့ကော်ကိုးလမ်းနဲ့ တခြားလမ်းတွေက မိုးရွာတော့ ဘယ်လိုမှ သွားဖို့က အဆင်မပြေတော့ဘူး” လို့ မော်လမြိုင်-မြဝတီခရီးသည်ယာဉ်ပြေးဆွဲနေသူ တဦးက DNA ကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မိုးများတာကြောင့် မြဝတီမြို့ကို အဓိကသွားရာ လမ်းတခုဖြစ်တဲ့ ထို့ကော်ကိုးလမ်းပိုင်းနဲ့ တခြားဖြတ်လမ်းတချို့မှာ လမ်းချော်တာ၊ ကားဘီဗွက်နစ်တာနဲ့ ကားလမ်းပျက်စီးတာ တွေကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်အရင်က အသုံးပြုခဲ့တဲ့ ကော့ကရိတ်-မြဝတီသွားဒေါနတောင်ပတ်လမ်း ဟောင်းကို ဒီကနေ့မှာ ပြန်လည်အသုံးပြုကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီမတိုင်ခင်ကတော့ ကားကြီးတချို့တော့ သွားလာနေတာရှိတယ်၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ကိုယ့်ဟာ ကိုယ်သွားနေကြတာပေါ့၊ ကျွန်တော်သိသလောက်ဆို ဒီနေ့မှ စပြီး ကားသေးတွေ စပြီး ပေးသွားတာပေါ့၊ ကိုယ်တို့ကား မနက်ဖြန်ဆင်းမှာ” လို့ အထက်ပါယာဉ်မောင်းက ပြောပါတယ်။
မြဝတီမြို့ကို သွားလာရာမှာ မြဝတီ-ကော့ကရိတ်သွားဒေါနတောင်ပေါ်လမ်းဟောင်း၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောလမ်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းပိုင်းနဲ့ တခြားဖြတ်လမ်းပိုင်းတချို့ရှိနေတာပါ။
ဒေါနတောင်ကားလမ်းဟောင်းမှာ စစ်ကောင်စီတပ်လက်အောက်ခံတွေ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းစုံနဲ့ တော်လှန်ရေးအင်အားစုတွေက ဂိတ်ချစစ်ဆေးတာ၊ လမ်းကြေးတောင်းခံတာတွေ လည်းရှိ နေပြီး မော်လမြိုင်မြို့ကနေ မြဝတီမြို့အရောက် ပရိုဘောက်ခရီးသည်တင်ကားတစီးကို အသွားတကြောင်းကို လမ်းကြေး ခုနှစ်သောင်းနီးပါး ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ခရီးသည်တဦးကို ယာဉ်စီးခအနေနဲ့ အရင်က ငါးသောင်းဝန်းကျင်ကနေ အခု ရှစ်သောင်းနဲ့ တသိန်းကြား ပေးဆောင်ရတယ်လို့ နောက်ထပ်ယာဉ်မောင်းတဦးက ပြောပါတယ်။
“မပြောနဲ့တော့ ဂိတ်တွေကတော့ စစ်တပ်ရော PDF ရောပဲ ၊ KNU ရော၊ တခြားကရင်အဖွဲ့တွေရော တောင်းနေ ကြတာ၊ ကားခဈေးတတ်တာလည်း မကြည့်နဲ့ ပေးရတာမနည်းဘူးလေ” လို့ သူက ပြောပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတလျှောက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအစောပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်းအဖွဲ့ဘက်က အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာရှလမ်းမပေါ်က ကော့နွဲရွာချောင်းကူးတံတားလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီး ခံရပြီး တံတာကျိုးကျပျက်စီးသွားတဲ့အတွက် ဖြတ်သန်းသွားလာလို့ မရဖြစ်နေတာပါ။
ဒါ့ကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးအတွက် နဘူး-ထို့ကော်ကိုးလမ်းပိုင်းကို အဓိက အသုံးပြုခဲ့ပေမယ့် မြေနီလမ်းဖြစ်တာကြောင့် အခုလိုမိုးတွင်းကာလမှာ လမ်းပျက်စီးတာတွေ ရှိလာပါတယ်။
ဒေါနတောင်ကားလမ်းဟောင်းဟာအသုံးမပြုတဲ့ကာလကြာလာတာ၊ ပြန်လည် ပြုပြင်ထားတာ မရှိတာတွေကြောင့် မိုးတွင်းကာလမှာ ယာဉ်ပြေးဆွဲနေသူတွေအနေနဲ့ အလျင်မလိုဘဲ သတိထားမောင်းနှင်သွားလာ ကြဖို့အဲ့ဒီလမ်းပိုင်း ကိုအသုံးပြုလေ့ရှိသူတွေက တိုက်တွန်းပါတယ်။