Photo – Social Media (ပုံဟောင်း)
မေ၊ ၂၉
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဒေသခံတွေဟာ ခုနစ်လ ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ လူမှုစီးပွား အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“သူများရွာတွေ အကုန်ပြန်ဝင်နေကြပြီ၊ ကိုယ့်ရွာကိုယ်ပြန်တာ အခုထိ ပြန်လို့မရသေးဘူး၊ စစ်သားတွေ ရှိနေတယ်လေ၊ သူတို့က မပေးဝင်ဘူး၊ တခုခုဖြစ်ရင် တာဝန်မယူနိုင်ဘူး၊ အဲဒီလိုပြောတာပဲ” လို့ အမည်မဖော် လိုတဲ့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။
အခုနှစ်အစောပိုင်းကတည်းကချောင်းနှစ်ခွကျေးရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိတော့တဲ့ အတွက် ဒေသခံတွေက နေရပ်ပြန်လိုကြပေမယ့် နေရပ်ပြန်လာတဲ့ အရပ်သားတွေကိုစစ်ကောင်စီက ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် ဒေသခံတွေက မပြန်ရဲကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်ပြန်လာနေထိုင်ခွင့်ပြုပေးဖို့ ချောင်းနှစ်ခွမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ တွေကညှိနှိုင်းတောင်းဆိုရာမှာလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ပြန်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
အခုလိုလနဲ့ချီနေရပ်မှာပြန်လည်နေထိုင်ခွင့်မရတာကြောင့် အခက်အခဲ ဖြစ်နေကြသလို လက်ရှိမိုးဦးကျကာလမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ကလေးငယ်တွေရဲ့ ကျောင်း ပညာရေးအတွက် အခက်ကြုံနေရတယ်လို့ ချောင်းနှစ်ခွရွာခံတွေကပြောကြပါတယ်။
“ ပညာရေးက တပိုင်းတစနဲ့ ကလေးတွေ ဒုက္ခရောက်ကုန်တာပေါ့၊ နောက်ခုမိုးကျပြီ၊ လယ်လုပ်ဖို့က ဘာမှ မပြင်ဆင်ရသေးဘူး၊ ရွာလဲဝင်မရတော့ ကျွန်မတို့ အရမ်းကို ဒုက္ခရောက်နေတာ၊ သူတို့ကို(စစ်တပ်) သွားပြောလည်း လက်မခံကြဘူး” လို့ ချောင်းနှစ်ခွဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ချောင်းနှစ်ခွကျေးရွာက အခြေခံပညာအထက်တ န်းကျောင်း အပါအဝင်ကျောင်းအများစု ဒီနေ့အချိန်ထိ ပိတ်ထားရဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာတချို့ကကျောင်းတွေ ပြန်ဖွင့်ထားပေမယ့် လုံခြုံရေးနဲ့ သွားလာရေးအခ က်အခဲတွေကြောင့်ကျောင်းအပ်ဖို့ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနယ်မြေရဲစခန်းနဲ့ အတ္တံရံတံတား(ချောင်းနှစ်ခွ)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းအပါအဝင် လေကြောင်းကနေပါ နေ့စဉ်ရက်ဆက် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် တလကျော်အကြာ ဒီဇင်ဘာလကုန်ပိုင်းမှာ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ချောင်းနှစ်ခွ၊ ပေါလော၊ ကော့စပ်၊ သရက်ကုန်း၊ ကျောက်ကွဲကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူ နှစ်သောင်းကျော်ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ချောင်းနှစ်ခွကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားချိန်မှာ တခြားကျေးရွာ အများစုက ဒေသခံတွေ နေရပ်ကို ပြန်လာနေထိုင်ခဲ့ကြပေမယ့် ချောင်းနှစ်ခွကျေးရွာခံတွေကတော့ ဒီကနေ့အထိ နေရပ်ကို ပြန်လာလို့မရသေးဘူးလို့ ဆိုပါတယ်။
“ပြန်လာတယ်၊ သူတို့(စစ်သား)ဖမ်းမိရင်တော့ မလွယ်ဘူး၊ တချို့ဖမ်းခံထိတယ်လေ၊ ရိုက်နှိက်တာတွေ လုပ်တယ်၊ ကြောက်ကြတာပေါ့၊ အဲဒါကြောင့် အခုထိ မပြန်ကြလည်း ပါတယ်၊ တချို့ကျတော့ ရွာကနေ အပြီး ထွက်သွားကြတဲ့သူတောင် ရှိတယ်” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
ဒါ့အပြင် နေရပ်ပြန်လာကြတဲ့ ဒေသခံတချို့ကို စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့သူတွေရှိနေ တယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
လက်ရှိ စစ်ရှောင်နေရတဲ့ ချောင်းနှစ်ခွဒေသခံသုံးထောင်နီးပါးက နီးစပ်ရာဆွေမျိုးနေအိမ်၊ တောတောင် ဥယျာဉ်ခြံနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်လျက်ရှိပြီး နေထိုင်စားသောက်ဖို့ကို ဒေသတွင်းအလှူရှင် တွေနဲ့ သံဃာတော်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ နေထိုင်နေရမယ့် စစ်ရှောင်ရတဲ့ ကာလရှည်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကျေးရွာထဲမှာ ပြည်သူလူထုတွေ မရှိတဲ့အချိန်မှာ နေအိမ်အတွင်းရှိ တန်းဖိုကြီးပစ္စည်းနဲ့ စက်ယန္တရားတွေကို ခိုးယူရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“အိမ်ရောက်တာ ဘာမှ မရှိတော့ဘူး၊ ရေတင်တဲ့မော်တာကအစ ထမင်းစားတဲ့အလှ စားပွဲတွေရော၊ အိမ်ကလည်း ရစရာမအောင် မွှေနှောက်ထားတာ” လို့ အထက်ပါချောင်းနှစ်ခွဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ချောင်းနှစ်ခွတိုက်ပွဲကြောင့် အခြေခံပညာစာသင်ကျောင်းတွေအပါအဝင် နေအိမ်အဆောက်အဦအများအပြား လက်နက်ကြီးထိမှန်တာ၊ မီးလောင်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြိုကျသွားတဲ့ ချောင်းနှစ်ခွ ကျေးရွာအဝင် ချောင်းနှစ်ခွ(အတ္ထံရံတံတား)က ဒီကနေ့အထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေတယ်လို့ ဆိုပါ တယ်။
အရှည်(၅၈၄)ပေ၊ အကျယ်(၂၄)ပေရှိတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွ တံတားက ကြာအင်းဆိပ်ကြီးနဲ့ ထိုင်းနယ်စပ် မြဝတီ၊ ဘုရားသုံးဆူမြို့တို့ကို သွားလာရာမှာ အဓိက အသုံးပြုနေရတဲ့ တံတားတစင်းလည်း ဖြစ်ပါတယ်။
“မြေးတွေကို ကျောင်းထားချင်တယ်၊ အရင်တုန်းကလို ပြန်နေချင်တာပေါ့၊ အကြီး(အဒေါ်)တို့မှာ ခုဆို စားသောက်ဖို့ ခက်ခဲတယ်၊ တိုက်ပွဲလည်း ထပ်မဖြစ်စေချင်တော့ဘူး၊ ခုဆိုနေမကောင်းရင် တော်တော်ဒုက္ခ ရောက်တယ်၊ မိုးတွင်းဆိုတော့ အဒေါ်တို့ နေတဲ့ တဲအိမ်က အဆင်မပြေတော့ဘူး၊ လက်ထဲမှာလည်း စုဆောင်းထားတာ ထုခွဲရောင်းချလို့ ကုန်နေပါပြီ ” လို့ ချောင်းနှစ်ခွဒေသခံအသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။