အရပ်သားသေဆုံးမူမြင့်တက်နေတဲ့ ရခိုင်ဒေသ

ပုံစာ – ပုံစာ-မောင်တောမြို့နယ်သရီကုန်ဘောင်ရွာကိုစစ်တပ်ကဗုံးကြဲခဲ့လို့ကျေးလက်ဆေးခန်းနဲ့လူနေအိမ်တွေပျက်ဆီးခဲ့ပုံ

မေ ၊ ၂၈

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ တရိပ်ရိပ်မြင့်တက်နေပါတယ်။ စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီက သူတို့လက်လွတ်လိုက်ရတဲ့ မြို့တွေကို လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မူတွေအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊စာသင်ကျောင်း၊စစ်ရှောင်စခန်းတွေလို အရပ်သား ဆက်စပ်နေရာတွေကိုလည်း ဦးတည်တိုက်ခိုက်ခဲ့တာပါ။

“ စစ်ရှုံးနေတော့ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သား ပစ်မှတ်တွေကို ဦးတည်တာပေါ့။ အခုလည်းစစ်တွေလိုမြို့တွေမှာ ပြည်သူတွေကို လူသားဒိုင်းလုပ်ထားတယ်လေ” လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးက မှတ်ချက်ပေးပါတယ်။

တကျော့ပြန်ရခိုင်တိုက်ပွဲ ၆လတာကာလအတွင်း ရခိုင်နဲ့ပလက်ဝဒေသမှာ အရပ်သားကိုးရာကျော် ထိခိုက်သေဆုံးခဲ့တယ်လို့လည်း အာရက္ခတပ်တော်(AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က မေ၂၇ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ပြီးခဲ့တဲ့မေ ၁၃ ရက်ထိ ကာလအတွင်း ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ အာဏာသိမ်းစစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၂၆၈ ဦးသေဆုံးခဲ့ပြီး ၆၄၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HDCO ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကာင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

HDCOရဲ့ ထုတ်ပြန်ချက်အရ အရပ်သားသေဆုံးသူဦးရေမှာ အမျိုးသား၇၂ရာခိုင်နှုန်းနဲ့ အမျိုးသမီး၂၈ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရပ်သားသေဆုံးသူဦးရေမှာတော့ မင်းပြားမြို့နယ်က ၅၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့မြောက်ဦးက ၄၂ ဦး ၊ ဘူးသီးတောင်က ၃၇ ဦးနဲ့အစဥ်လိုက်ရပ်တည်နေပါတယ်။

သေဆုံးသူဦးရေမှာတော့ ရခိုင်လူမျိုးက ၁၈၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ရိုဟင်ဂျာ(မွတ်ဆလင်လို့သုံးထား) ၇၈ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ် ။ဒါ့အပြင်မြို ၊ခမီ ၊ မာရမာကြီးနဲ့ ဗမာလူမျိုးသေဆုံးသူတွေလည်းရှိခဲ့တာပါ။အရပ်သားထိခိုက်ဒဏ်ရာရသူဦးရေအနက်အမျိုးသားက၅၇ရာခိုင်နှုန်းဖြစ်ပြီးအမျိုးသမီးကတော့၄၃ရာခိုင်နှုန်းအထိရှိခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာလည်း မင်းပြားမြို့နယ်မှာ အများဆုံးဖြစ်ပြီး၁၇၂ ဦး အထိရှိပါတယ်။ အဲဒီနောက်မှာတော့ကျောက်တော်မြို့နယ်က၇၆ ဦး၊ မြောက်ဦးမြို့နယ်မှာ၇၂ ဦးနဲ့အစဥ်လိုက်ရှိနေပါတယ်။

ဒါ့အပြင်ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မောင်တော ၊ အမ်း၊ စစ်တွေ၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်နဲ့ပလက်ဝဒေသတွေမှာလည်းအရပ်သားတွေထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အရပ်သားတွေကိုဦးတည်ပစ်မှတ်ထားနေတာနဲ့ပတ်သတ်လို့တော့ “တပ်တော်(AA)ကလည်းသတိပေးထားတယ် ၊ဒေသခံတွေအနေနဲ့သတိ အသိနဲ့နေဖို့လိုတယ်၊ စစ်တပ်လုပ်ရပ်တွေကို” လို့ အထက်ပါစစ်ရေးစောင့်ကြည့်သူက အကြံပြုပါတယ်။

တကျော့ပြန်ရခိုင်တိုက်ပွဲ ၆လကျော်ကာလအတွင်းမှာတော့ AA ကပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ၊ ရမ်းဗြဲ၊ဘူးသီးတောင်နဲ့ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။ လတ်တလောမှာလည်း AAကသံတွဲ၊မောင်တော၊အမ်းစတဲ့မြို့တွေမှာထိုးစစ်ဆင်နေတာဖြစ်ပါတယ်။