ယူကရိန်းဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စဉ်းစားမယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးပြော

မေ ၊ ၂၈

လိုအပ်လာရင် ယူကရိန်းဆီ တပ်ဖွဲ့ဝင်တွေ ဖြည့်တင်း စေလွှတ်ပေးသင့်တယ်ဆိုတဲ့ အယူအဆကို ပိုလန်က ယတိပြတ် ငြင်းပယ်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရာဒိုဆလော် ဆီကောစကီးက ပြောကြားလိုက်ပါတယ်။

ရုရှားတပ်တွေရဲ့ ဖိအားပေး ထိုးစစ်ဆင်မှုကို ဟန့်တားဖို့ ယူကရိန်း တပ်တွေ ရုန်းကန်နေရတဲ့ အခြေအနေမှာ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းကို တပ်တွေ စေလွှတ်ပြီး အကူအညီ ပေးသင့်တယ်ဆိုတဲ့ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ယူကရိန်းမှာ NATO မဟာမိတ် နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်သင့်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပေမယ့် အနောက်နိုင်ငံ အများစုကတော့ ရုရှားနဲ့ ထိပ်တိုက်တွေ့နိုင်ခြေကို စိတ်ပူပြီး အဲဒီ ကိစ္စကို ငြင်းဆိုထားပါတယ်။

ဆီကောစကီးက ပိုလန်ဟာ ရုရှားရဲ့ ထိုးဖောက်ချီတက်မှုတွေကို အသည်းအသန် ဟန့်တားနေရတဲ့ ယူကရိန်းအတွက် တပ်အင်အား အကူအညီ ပေးသင့်တယ်လို့ ယူဆထားကြောင်း ပြောပေမယ့် တကယ်လို့ ပိုလန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ရင် စစ်ဆင်ရေးရဲ့ ဘယ်ကဏ္ဍတွေမှာ ကူညီမလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

အမေရိကန်နဲ့ NATO မဟာမိတ်နိုင်ငံ အများစုက ယူကရိန်းအတွက် ငွေကြေးနဲ့ လက်နက် အင်အားသာ ဆက်လက် ထောက်ပံ့ဖို့ ဆုံးဖြတ်ထားပေမယ့် အဲဒီ အကူအညီတွေမှာတောင် နှောင့်နှေးမှုတွေ ရှိနေတာကြောင့် ယူကရိန်းအတွက် ပိုပြီး အခက်ကြုံနေရပါတယ်။

အင်တာဗျူး တခုမှာ ဆီကောစကီးကို ပိုလန်ကရော ယူကရိန်းဆီ တပ်တွေ စေလွှတ်မလားလို့ မေးမြန်းတဲ့အခါ သူက အဲဒီ ဖြစ်နိုင်ခြေကို အတိအကျ မငြင်းပယ်သင့်ကြောင်း၊ ဒါပေမဲ့ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ မပြောနိုင်သေးပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သိချင်စိတ် ပြင်းပြလာအောင် ချန်ထားဦးမှာဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားတပ်တွေဟာ  ယူကရိန်း အရှေ့မြောက်ပိုင်း ဧရိယာတွေကို ဖိအားပေး တိုက်စစ်ဆင်နေပြီး နယ်စပ်က ကျေးရွာတချို့ကို ဆက်တိုက် သိမ်းယူရင်း ရှေ့တိုးချီတက်လာနေကြောင်း သိရပါတယ်။

Ref: Straits Times