တရုတ်မှာ ဓားကိုင်ရမ်းကား တိုက်ခိုက်မှု တခုအတွင်း လူရှစ်ဦးသေဆုံး

မေ ၊ ၂၅

တရုတ်နိုင်ငံ အလယ်ပိုင်းမှာ လူတယောက်ရဲ့ ဓားကိုင်ရမ်းကား တိုက်ခိုက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၂၄ ရက်က ဟူပေပြည်နယ်ထဲက ရှာကန်မြို့မှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေသူ တဦးက တွေ့သမျှလူတွေကို ကြုံသလို ရန်ပြုခဲ့တာလို့ CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် မျိုးရိုးနာမည် လူဆိုတဲ့ အမျိုးသားကို ရဲတွေက လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး အခုအခါ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူရဲ့ လက်ချက်ကြောင့် ၈ ဦး သေဆုံးပြီး နောက်တဦးက အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်တဲ့ စည်းမျဉ်း ဥပဒေတွေနဲ့ တားမြစ်ထားတာကြောင့် အစုလိုက် လူသေစေတဲ့ တိုက်ခိုက်မှုမျိုးတွေက ရှားပါးတဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဓားကိုင် တိုက်ခိုက်တဲ့ မှုခင်းတွေကတော့ တရုတ်နိုင်ငံ အနှံ့မှာ ခေါင်းခြောက်စရာ ကောင်းလောက်အောင် ထူထပ်လာနေခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကတင် တရုတ်အလယ်ပိုင်း ကျန်ရှီဒေသမှာ အမျိုးသမီး တဦးက သစ်သီးလှီးတဲ့ဓားနဲ့ ရန်ပြုလို့ မူလတန်းကျောင်း တကျောင်းမှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အခုလထဲမှာတင်ပဲ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာ အမျိုးသား တဦးက ဆေးရုံထဲမှာ ဓားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေပြီး ၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: CCTV