မေ၊ ၂၂
တနေ့အလုပ်လုပ်ပြီး ခြစ်ခြစ်ကုတ်ကုတ်စားရင် နှစ်ရက်လောက်တော့ စားနိုင်တယ်ဆိုတဲ့ ကိုအောင်ဖြိုး(အမည်လွှဲ)က နိုင်ငံရေးကို သိပ်စိတ်ဝင်စားခဲ့သူတယောက်တော့ မဟုတ်ပါဘူး။
ကိုအောင်ဖြိုးက ဧရာဝတီတိုင်းဇာတိသား။ မိသားစုနဲ့အတူ ရန်ကုန်မြို့ကို ပြောင်းရွှေ့အခြေချတာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိနေပြီ။
အသက် ၆၀ ဝန်းကျင် အရွယ် မိဘနှစ်ပါး၊ အသက် ၂၀ ကျော်အရွယ် ညီမဖြစ်သူတို့နဲ့အတူ ကြည့်မြင်တိုင်မြို့နယ်ထဲမှာ နေထိုင်ပြီး ပန်းရံအလုပ်၊ ကုန်ထမ်းအလုပ်လို ကျဘမ်းအလုပ်တွေ လုပ်ရင်း သူက အသက်မွေးတယ်။
ဘယ်အစိုးရအဖွဲ့တက်တက်၊ နိုင်ငံ့အခြေအနေ ဘယ်လိုရှိရှိ စိတ်မဝင်စားဘဲ နေလို့ရခဲ့ပေမဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထွက်လာချိန်မှာတော့ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်ဖြိုးတယောက် နိုင်ငံရေးဆိုတာကို စိတ်မဝင်စားလို့ မရတော့ပါဘူး။
“ကျနော်ဆို စာရင်းလည်း ပေးထားရပြီးသားဗျာ၊ စာရင်းပေးရတုန်းကဆို တခါတည်းလိုက်သွားရတော့မယ် ထင်ပြီး ဘယ်ကို ပြေးလို့ပြေးရမယ်မှန်းမသိဖြစ်နေတာ။ အခုလည်း လာခေါ်ရင် ဘယ်ပြေးရမယ်မှန်းမသိဘူး၊ စစ်တပ်ထဲတော့ မလိုက်ချင်ဘူး” လို့ သူက ပြောပါတယ်။
စစ်မှုထမ်းဖို့အတွက် နာမည်စာရင်း ပေးထားရတဲ့ ကိုအောင်ဖြိုးတစ်ယောက် စစ်ကောင်စီရဲ့ စစ်သားအဖြစ် စုဆောင်းတာခံရမယ့် အခြေအနေကို စိုးရိမ်ကြောက်လန့်နေပေမဲ့ တိမ်းရှောင်ထွက်ပြေးဖို့တော့ သူ့မှာ အခက်အခဲတွေ ရှိနေပါတယ်။
စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားထဲ အကျုံးဝင်တဲ့သူတွေထဲက အများစုဟာ စစ်သားအဖြစ်မစုဆောင်းခံကြရဖို့ တနည်းနည်းနဲ့ တိမ်းရှောင်ဖို့ ဆန္ဒရှိနေကြတာပါ။ ဒါပေမဲ့ သွားလာဖို့ ငွေကြေးနဲ့ အဆက်အသွယ်တွေက ကိုအောင်ဖြိုးလိုပဲ သူတို့အတွက် အလှမ်းဝေး နေကြပါတယ်။
“ထိုင်းလောက်တော့ ပြေးချင်တယ်။အဆက်အသွယ်လည်းမရှိဘူး။ တခါမှလည်း သွားဖူးလာဖူးတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ထဲတောင် ဘယ်မှ သိပ်မရောက်ဖူးတာ” လို့ ကိုအောင်ဖြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံကိုအရောက်သွားဖို့ လိုအပ်တဲ့ လမ်းစရိတ်လည်း သူ့မှာမရှိသလို မိသားစုကလည်း သူ့ကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူးလို့ ကိုအောင်ဖြိုးက သူကြုံနေရတဲ့အခက်အခဲကို ပြောပြပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းလိုက်ပြီးချိန်ကတည်းက မြန်မာလူငယ်အများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို တိမ်းရှောင်တာတွေ သိသိသာသာများနေလာနေပါပြီ။
တဖက်မှာလည်း စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်မယ့် လမ်းညွှန်လို့ ဆိုနိုင်မယ့် နည်းဥပဒေကို မထုတ်ပြန်သေးဘဲ ဧပြီလထဲမှာတင် ပထမအသုတ်၊ အခု မေလထဲမှာ ဒုတိယအသုတ်အဖြစ် ဥပဒေအရ စုဆောင်းထားတဲ့ လူငယ်တွေကို စစ်သင်တန်းပေးနေပါပြီ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်သင်တန်းအပတ်စဥ်တခုမှာ သင်တန်းသား ငါးထောင်အထိ သင်တန်းပေးမယ်လို့ပြောထားတာကြောင့် စစ်မှုထမ်းဥပဒေပြဌာန်းပြီး သုံးလအတွင်းမှာတင် စစ်သားအဖြစ်စုဆောင်းခံရသူ အနည်းဆုံး တသောင်းရှိပြီလို့ ဆိုရပါမယ်။
စစ်ကောင်စီဘက်ကတော့ သူတို့ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိတယ်လို့ ဆိုထားပါတယ်။
တချို့ကလည်း စစ်ကောင်စီရဲ့ အာဏာသက်ရောက်နိုင်တဲ့ နေရာတွေကနေ စွန့်ခွာပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်ကာ စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေအရတော့ စစ်မှုထမ်းဥပဒေကြောင့် သူတို့တပ်ဖွဲ့တွေဆီ တပ်ဖွဲ့ဝင်အသစ်တွေအဖြစ် ဝင်ရောက်လာသူနဲ့ ဝင်ရောက်ဖို့အတွက် ဆက်သွယ်ထားသူဦးရေ သောင်းချီရှိနေပြီလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲဖြစ်နေသူတွေ ဆက်သွယ်အကူအညီတောင်းခံနိုင်ဖို့ မတ်လ ၃၀ ရက်နေ့မှာ “NUG Public Affairs-ပြည်သူ့ရေးရာ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်(Telegram Channel) တခုဖွင့်လှစ်ထားပါတယ်။
NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ အဲဒီတယ်လီဂရမ်ချန်နယ်ကနေတဆင့် ပထမတလအတွင်း ဆက်သွယ်အကူအညီတောင်းခံလာသူ တသောင်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။
“စစ်အုပ်စုက ယောက်ျားလေးတွေကိုပဲ အဓိက စုဆောင်းနေတာဖြစ်တော့ ၈၈ ရာခိုင်နှုန်းလောက်က ယောက်ျားလေးတွေ လာရောက်မေးမြန်းတာဖြစ်ပြီးတော့ ၁၂ ရာခိုင်နှုန်းလောက်ကတော့ အမျိုးသမီးတွေ ဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဆက်သွယ်လာသူတွေထဲက အများဆုံးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးမြန်းတာဖြစ်ပြီး တော်လှန်ရေးမှာ ပါဝင်ဖို့ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ထဲ ဝင်ချင်သူလို့ ဆက်သွယ်သူဦးရေက ဒုတိယအများဆုံးရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် ဆက်သွယ်လာသူတွေထဲ အုပ်ချုပ်ရေးမှူးတွေအပါအဝင် စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်ရမှာ ပါဝင်နေသူတွေအကြောင်း သတင်းပေးတိုင်ကြားသူတွေလည်း ရှိနေပြီး လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံချင်လို့ ဆက်သွယ်အကူအညီတောင်းလာသူကတော့ စတုတ္ထအများဆုံးရှိတယ်လို့ ဆိုပါတယ်။
အခုလို တိမ်းရှောင်ဖို့ ကြိုးပမ်းတာတွေ များလာနေတဲ့ အချိန်မှာတော့ စစ်ကောင်စီဟာ လူငယ်တွေ ပြည်ပထွက်ခွင့်ကို စတင်ကန့်သတ်ပါတော့တယ်။
စစ်မှုထမ်းရမယ့်ထဲ အကျုံးဝင်တဲ့ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြား လူငယ်တွေကို ကိုးရီးယားနိုင်ငံ တနိုင်ငံကလွဲပြီး တခြားပြည်ပနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ခွင့်ကို မေလ ၁ ရက်ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်တာပါ။
ဂျပန်နိုင်ငံမှာ အလုပ်သွားလို့ဖို့ ရန်ကုန်မှာ သင်တန်းလာတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်တဦးက “ပြန်ထွက်ခွင့်ပေးမလားလို့ နည်းနည်းစောင့်ကြည့်နေသေးတာ၊ မရဘူးသေချာသွားပြီဆိုရင်တော့ လွတ်မြောက်နယ်မြေသွားရင်သွား၊ မဟုတ်ရင် ထိုင်းကို အောက်လမ်းက သွားမယ်စဥ်စားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေအရ စစ်သားအဖြစ် စုဆောင်းခံရမှာကို ကြောက်ရွံ့နေကြရသူတွေထဲ စီးပွားရေးမြို့တော် ရန်ကုန်မှာရှိတဲ့ စက်ရုံတွေက စက်ရုံအလုပ်သမားတွေလည်း အဓိကပါဝင်ပါတယ်။
“ဟိုနားဆွဲသွားတယ်၊ ဒီနားဆွဲသွားတယ်ဆိုပြီး သတင်းတွေထွက်နေတုန်းက တချို့တွေ ကြောက်ပြီး နေရပ်ပြန်ပြေးကြတယ်၊ သင်္ကြန်နောက်ပိုင်း နည်းနည်းပြန်ငြိမ်မှ ပြန်လာတဲ့သူတွေ ပြန်လာကြတာ” လို့ ရန်ကုန်အခြေစိုက် အလုပ်သမားကူညီရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်က စက်မှုဇုံတွေဟာ စစ်မှုထမ်းရမယ့်အထဲ အကြုံးဝင်တဲ့ အသက်အပိုင်းအခြားရှိသူတွေ အစုလိုက်အပြုံလိုက် အလုပ်လုပ်ကိုင်နေကြတဲ့ နေရာတွေလည်းဖြစ်ပါတယ်။
အဲဒီမှာ လုပ်ကိုင်နေကြတဲ့ လူငယ်အလုပ်သမားတွေဟာလည်း စစ်သားအဖြစ် စုဆောင်းမခံရအောင် ကြိုတင်တိမ်းရှောင်ချင်နေကြပေမယ့် အများစုက ငွေရေးကြေးရေးအဆင်မပြေကြပါဘူး။
“သူတို့နောက်မှာ သူတို့ကိုမှီခိုနေတဲ့ မိသားစုတွေရှိသေးတာ၊ တိမ်းရှောင်ပြီး အလုပ်လုပ်လို့ရရင်တော့ ကိစ္စမဟုတ်ဘူး၊ မဟုတ်ရင်တော့ အကုန်ထမင်းငတ်မှာ” လို့လည်း အထက်ပါ အလုပ်သမားကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက ပြည်ပထွက်ခွင့်ကို ကန့်သတ်ထားတဲ့ အခုချိန်မှာတော့ တိမ်းရှောင်ချင်သူအများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်း(အောက်လမ်း)ကနေ ထွက်ခွာတဲ့နည်းလမ်းကို ရွေးချယ်လာကြပါတယ်။
လက်ရှိမှာတော့ အဲဒီလို ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ ထွက်ခွာဖို့အတွက် ကုန်ကျစရိတ်အနေနဲ့တော့ ပွဲစားခအပါအဝင် မြန်မာငွေ သိန်းသုံးဆယ်နဲ့အထက်မှာရှိနေပါတယ်။
ဒါပေမယ့် တရားမဝင်လမ်းကြောင်းကနေ သွားမယ့်သူတွေအနေနဲ့ ထိုင်းအာဏာပိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုအန္တရာယ်၊ ပွဲစားလုပ်သူတွေရဲ့ လိမ်လည်မှုတွေလည်း ကြုံရနိုင်တာကြောင့် အဲဒီလမ်းကြောင်းဟာလည်း လွယ်လွယ်ကူကူ သွားလာနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
“တချို့ပွဲစားတွေဆို ပုလိပ်(ထိုင်းရဲ)တွေနဲ့ အချိန်းအချက်လုပ်ပြီး ဖမ်းခိုင်းတာမျိုးတောင်ရှိတယ်၊ အဖမ်းခံရရင်တော့ မြန်မာပြည်ပြန်ပို့ခံရတာပဲ” ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)ရဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
ဒါ့အပြင် တချို့ပွဲစားလုပ်သူတွေက ငွေကြေးရယူပြီးမှ သွားချင်တဲ့နေရာအထိ ရောက်အောင်မပို့ပေးဘဲ လမ်းခုလတ်မှာပဲ စွန့်ပစ်ခဲ့တာမျိုးတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒါကြောင့် အတွေ့အကြုံရှိသူတွေကို မေးမြန်းစုံစမ်းပြီးမှ ယုံကြည်စိတ်ချရတဲ့ ပွဲစားတွေကို ချိတ်ဆက်ကြဖို့ ကိုမုန်တိုင်းက အကြံပြုပါတယ်။
စစ်မှုထမ်းဥပဒေကြောင့်တိမ်းရှောင်ချင်သူတွေကို ဘယ်သူတွေ ကူညီပေးနေလဲ
ပြည်တွင်းထဲမှာတော့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ချင်ကြသူတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့အစည်းတချို့က ခိုလှုံခွင့်ပေးနိုင်ဖို့ ကြိုးပမ်းနေကြတာရှိပါတယ်။
အဲလို ကူညီပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့အထဲ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်)နဲ့ သူ့ရဲ့လက်နက်ကိုင်တပ်ဖြစ်တဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့လည်း ပါဝင်ပါတယ်။
“ခိုလှုံချင်တဲ့ ပြည်သူတွေကို ကျနော်တို့ထိန်းချုပ်ထားတဲ့နယ်မြေတွေ၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ နေရာချထားပေးထားတာမျိုးရှိပါတယ်” လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ဗဟိုကော်မတီဝင် ကိုမင်းလတ်ဥက္ကာက ပြောပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အဓိကလှုပ်ရှားတဲ့ တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်(SAF)တို့အနေနဲ့ လက်ရှိမှာ လူဦးရေ တရာဝန်းကျင်ကို ခိုလှုံခွင့်ပေးထားနိုင်တယ်လို့ သိရပါတယ်။
“သူတို့ရဲ့ စားဝတ်နေရေး၊ နေရေးထိုင်ရေး စသဖြင့် အဲဒီဟာတွေကိုလည်း ကျနော်တို့က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတာရှိပါတယ်” လို့လည်း ကိုမင်းလတ်ဥက္ကာက ပြောပါတယ်။
အလားတူပဲ NUG အစိုးရအနေနဲ့လည်း စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံနိုင်ဖို့အတွက် တယ်လီဂရမ်ချန်နယ်ကနေ ဆက်သွယ်လာသူတွေကို သူတို့ရဲ့ ထိန်းချုပ်နယ်မြေအပြင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေရဲ့နယ်မြေတွေမှာပါ ခိုလှုံခွင့်ပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိတော့ တိမ်းရှောင်ချင်သူတွေကို ခိုလှုံခွင့်ပေးတာမျိုး မလုပ်နိုင်သေးဘဲ ဆက်သွယ်လာသူတွေရဲ့ အချက်အလက်တွေ ကောက်ခံစိစစ်တာ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေပဲ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။
“တိုင်းရင်းသားအင်အားစုတွေအကုန်လုံးက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခိုလှုံမယ့်သူတွေကို လက်ခံဖို့ ဆန္ဒရှိတယ်၊ လက်ခံနိုင်ဖို့လည်း ပြင်ဆင်နေတယ်၊ Ready(အဆင်သင့်)ဖြစ်ပြီ ဆိုတာနဲ့ ဒီဘက်ကစာရင်းကောက်ခံထားတဲ့ အချက်အလက်တွေနဲ့ ချိတ်ဆက်ပြီတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ကူညီပေးမယ့်အဖွဲ့တွေအနေနဲ့ ဘာအခက်အခဲတွေရင်ဆိုင်နေရလဲ
NUG အစိုးရ၊ SAF ၊ တကသများ-ရန်ကုန်တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူတွေကို ခိုလှုံခွင့်ပေးနိုင်ဖို့နဲ့ ရေရှည်အကူအညီပေးနိုင်ဖို့ ဘဏ္ဍာရေး အခက်အခဲကို အဓိက ရင်ဆိုင်နေကြရပါတယ်။
NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ NUG အနေနဲ့ တခြား တော်လှန်ရေးလုပ်ငန်းစဥ်တွေအတွက်လည်း ငွေကြေးအမြောက်မြားသုံးစွဲနေရတာကြောင့် အခုအစီအစဥ်အတွက် ငွေကြေးကို ပုံအောသုံးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
“ပြည်သူတွေအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ဘက်ကစိုက်ထုတ်မှုတွေလည်းလိုမယ်၊ NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေကလည်း နိုင်သလောက်ပံ့ပိုးမယ်၊ အဲနှစ်ခုပေါင်းပြီးတော့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရမယ့်အနေအထားဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ခိုလှုံလာမယ့်သူတွေအတွက် ဘေးကင်တဲ့နေရာစီစဉ်ပေးနိုင်ဖို့လည်း စိန်ခေါ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
အလားတူပဲ ခိုလှုံလာတဲ့သူတွေထဲ စစ်ကောင်စီက စေလွှတ်လိုက်တဲ့ သူလျှိုတွေ ပါလာတာမျိုးမဖြစ်ရအောင် သေချာစိစစ်နေရတယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ကလာချင်တယ်ဆိုတဲ့သူတိုင်းကို ဘာမှမစိစစ် မစစ်ဆေးဘဲနဲ့ လွယ်လွယ်ကူကူ လက်ခံလို့ရတဲ့အနေအထားမျိုးမဟုတ်ပါဘူး” လို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တဖက်မှာလည်း စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းလိုသူတွေအနေနဲ့ ကျန်နေခဲ့တဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်စရာတွေ ရှိနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရတဲ့ လူငယ်နှစ်ဦးထဲက တဦး ထွက်ပြေးသွားလို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖိအားပေးခဲ့ပါတယ်။
တိမ်းရှောင်ထွက်ပြေးသွားတဲ့ သားဖြစ်သူကို ပြန်ခေါ်ပေးဖို့နဲ့ မခေါ်ပေးနိုင်ပါက မိဘနှစ်ပါးထဲက တဦးဦး ထောင်ဒဏ် ငါးနှစ်ကျခံရင်ကျခံ၊ ဒါမှမဟုတ်ရင် ဒဏ်ငွေ ကျပ် သိန်းတရာ့ငါးဆယ် ပေးဆောင်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်ဆိုတဲ့ ဖြစ်စဥ်တွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာလူငယ်တဦးရဲ့ ဖခင်ဖြစ်သူ တက္ကစီယာဥ်မောင်း ဦးသက်ကြီး(အမည်လွှဲ)တို့လို မိဘဖြစ်သူတွေကတော့ သား၊ သမီးဖြစ်သူတွေ စစ်တပ်ထဲမဝင်ရဖို့ ကြုံလာသမျှအန္တရာယ်ကို ရင်ဆိုင်လိုက်ဖို့ ဆန္ဒရှိနေကြပါတယ်။
“ဦးလေးကတော့ ဦးလေးသားကိုပြောထားပြီးသား၊ မင်းဒိုးလိုက်တော့၊ မင်းမရှိလို့ အဖေ့ကိုဖမ်းမယ်ဆို လာဖမ်းပါစေပေါ့။ အဖေအသက်ခြောက်ဆယ်ကျော်ပြီ၊ သေမယ်ဆို သေရဲပြီ” လို့ ဦးသက်ကြီးက ပြောပါတယ်။