မလေးရှားမှာ အရက်မူးပြီး ရဲဆီက သေနတ်လုသူ အဖမ်းခံရ

မေ၊ ၂၀

မလေးရှားမှာ အရက်မူးပြီး ရဲဆီက သေနတ်လုတဲ့ အမျိုးသားတဦး အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပီနန်းမှာရှိတဲ့ ဒါတွတ်ခ် ကီရာမတ် ရဲစခန်းမှာ တာဝန်ကျ ရဲတဦးဆီကနေ ဆီမီး အော်တိုမက်တစ် စက်သေနတ် တလက်ကို အဲဒီ အမျိုးသားက လုယူဖို့ ကြိုးစားခဲ့တာပါ။

သူ့ကို ရမန် ၄ ရက် ချုပ်ရက် သတ်မှတ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပီနန်း ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒါတွတ်ခ် ဟမ်ဇာက ပြောပါတယ်။

အရက်မူးနေဟန်ရှိတဲ့ အမျိုးသားဟာ မနက်အစောကြီး ရဲစခန်းရှေ့ကို ရောက်လာပြီး ဂိတ်တံခါး ဖွင့်ပေးဖို့ တာဝန်ကျ ရဲဝန်ထမ်းကို ဆဲဆိုပြီး အော်ဟစ်တောင်းဆိုခဲ့ပါတယ်။ ရဲဝန်ထမ်းက အိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန် ပြောပေမယ့် သူက လက်မခံဘဲ သေနတ်ကို ဆွဲလုခဲ့ပေမယ့် မအောင်မြင်ကြောင်း၊ နောက်တော့ သူက ဆောင်းလာတဲ့ ဆိုင်ကယ်စီး ဦးထုပ်ကို ချွတ်ပြီး ရဲဝန်ထမ်းကို ရန်လုပ်ဖို့ ကြိုးစားခဲ့တာကြောင့် ဝိုင်းဖမ်းခဲ့ရတာဖြစ်ကြောင်း ရဲစခန်းက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသားရဲ့ နာမည်ကို မကြေညာသေးပေမယ့် အသက် ၃၅ နှစ် အရွယ်ဖြစ်ပြီး အရင်ကလည်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပြစ်မှုဟောင်းနှစ်ခု ရှိတဲ့သူလို့ သိရပါတယ်။ သူဟာ အရက်မူးနေပေမယ့် ဆီးစစ်ရလဒ်မှာတော့ မူးယစ်ဆေးဝါး လောလောဆယ် သုံးမထားကြောင်း အဖြေထွက်ခဲ့ပါတယ်။

ဂျိုဟော်မှာရှိတဲ့ အူလူ တီရမ် ရဲစခန်းကို လူတဦးရဲ့ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးသေပြီး တခြားတဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ကြောင့် မလေးရှား ရဲစခန်းတွေမှာ လုံခြုံရေး တင်းကျပ်ထားတဲ့အချိန် အခုဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Straits Times