မေ ၊ ၁၈
မဟာဗျူဟာ ပဲ့ထိန်းဒုံးကျည် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။
နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား စစ်လက်နက် စွမ်းရည်ကို ထိထိရောက်ရောက် ချဲ့ထွင် မြှင့်တင်ဖို့ စိတ်ပိုင်းဖြတ်ထားရာမှာ အခုလို စစ်လက်နက် စမ်းသပ်မှုတွေဟာ အထူးအရေးပါတယ်လို့ အစိုးရအာဘော် သတင်းဌာနဖြစ်တဲ့ KCNAက ဖော်ပြခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့က ဂျပန်ပင်လယ်ဖက်ကို ဒုံးကျည်စမ်းသပ် ပစ်ခတ်ရာမှာ ကင်ကိုယ်တိုင် ကြီးကြပ် စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ KCNAရဲ့ အဆိုအရ ဒုံးကျည်အသစ်ဟာ လမ်းကြောင်းရှာ နည်းပညာ အသစ်တွေ ပေါင်းစပ်ထားပြီး ပစ်မှတ်ကို ပိုမို ထိထိရောက်ရောက် ခြေရာခံ ဖျက်ဆီးနိုင်စွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
ခေါင်းဆောင်ကြီး ကင်ဟာ လက်နက် စမ်းသပ်မှု ရလဒ်အပေါ် အထူးစိတ်ကျေနပ်မှု ရရှိခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။
တောင်ကိုရီးယား စစ်တပ်ကတော့ မြောက်ကိုရီးယားရဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာတခုဟာ ဝန်ဆန်း ဒေသကနေ ဂျပန်ပင်လယ်ဖက် ပျံသန်းသွားတာကို ခြေရာခံ တွေ့ရှိခဲ့ကြောင်း၊ အဲဒီအရာဟာ ကီလိုမီတာ ၃၀၀ လောက် ခရီးပေါက်ပြီးတဲ့နောက် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကင်ဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ထိထိရောက်ရောက် မြှင့်တင်မယ်လို့ ကြွေးကြော်ထားပြီး အခုနှစ်ထဲမှာ ဒုံးကျည် အမျိုးအစား အစုံကို မကြာခဏ လက်တွေ့ စမ်းသပ် ပစ်ခတ်မှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။
Ref: CAN