ဘန်ကောက်မှာ လမ်းဘေးက အဖုံးပွင့် ရေမြောင်းထဲ ပြုတ်ကျပြီး ဆိုင်ကယ်သမားတဦး သေဆုံး

မေ၊ ၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အဖုံးဖွင့်ထားတဲ့ ရေမြောင်းထဲ ပြုတ်ကျရာက မော်တော်ဆိုင်ကယ် စီးသူတဦး သေဆုံးသွားခဲ့ပါတယ်။

 မေလ ၅ ရက်နေ့တုန်းက ဘန်ကောက်မှာရှိတဲ့ သောင်ဘူရီ မြို့နယ်က မာဟိုင် ဆာဝန် ဥမင်ထဲမှာ ဆိုင်ကယ် မတော်တဆမှု ဖြစ်ခဲ့တဲ့ လူနာဟာ နောက်တနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

 အသက် ၂၉ နှစ်အရွယ် ဝမ်လော့ပ် ဟွမ်ဂျမ်ပါဟာ ဆိုင်ကယ်ကို မြန်နှုန်းတင် မောင်းလာရင်း လမ်းချော်သွားရာက တရွတ်ဆွဲသွားခဲ့ပြီး အပေါက်ပွင့်နေတဲ့ လမ်းဘေး ရေမြောင်းထဲ ကျသွားခဲ့တာလို့ ဆိုပါတယ်။

 မြောင်းဖုံးဟာ မသမာသူတွေရဲ့ ခိုးယူမှုကို ခံခဲ့ရတာဖြစ်ပြီး အသစ် အစားမထိုးရသေးပါဘူး။ အခုဖြစ်စဉ်ကြောင့် ဆိုင်ကယ်သမားဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး တက်ခ်ဆင် ဆေးရုံဆီ တင်ပို့ခံခဲ့ရပေမယ့် နောက်တနေ့မှာ သေဆုံးသွားခဲ့တာပါ။

 အခုဖြစ်ရပ်ဟာ လတ်ဖရာအိုမှာ မသေမသပ် ဖုံးကာထားပြီး ၁၅ မီတာနက်တဲ့ လမ်းဘေး ကျင်းချိုင့် တခုထဲကို အမျိုးသားတဦး မတော်တဆ ​ပြုတ်ကျ သေဆုံးခဲ့မှုအပြီး တပတ်တောင် မပြည့်တဲ့ အချိန်မျိုးမှာ ပေါ်ပေါက်လာတာပါ။ အဲဒီကိစ္စကြောင့် ထိုင်းမှာ အရပ်သား ပြည်သူတွေ အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ထိ လမ်းနဲ့ အခြေခံ အဆောက်အအုံ လုံခြုံရေး အစီအမံတွေ ပေါ့ဆတဲ့အပေါ် ဝေဖန်မှုတွေကိုလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်စေခဲ့ပါတယ်။

 Ref: Bangkok Post