တရုတ် အဝေးပြေးလမ်းပိုင်း ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက် သုံးဒါဇင်ထိ မြင့်တက်လာ

မေ၊ ၂

တရုတ်နိုင်ငံက အဝေးပြေး လမ်းမတခုမှ တောင်ပတ်လမ်း ပြိုကျမှုကြောင့် လူသုံးဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

မေလ ၁ ရက်နေ့ မနက်အစောပိုင်းတုန်းက ကွမ်တုံပြည်နယ်၊ မီဇူမြို့ထဲက ဒါဘူမြို့မှာ တောင်ပတ်လမ်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ပဲ့ကျသွားရာက လမ်းဘေးချောက်ထဲကို ကားအစီး ၂၀ လောက် ထိုးကျသွားခဲ့ပါတယ်။ အဲဒီထဲက ကားတချို့ဟာ မီးစွဲလောင်ခဲ့တယ်လို့ သိရပါတယ်။

ဆိုးရွားတဲ့ အဲဒီဖြစ်စဉ်မှာ အစောပိုင်းက အသေအပျောက် ၁၉ ဦးနဲ့ နောက်တော့ ၂၄ ဦးလို့ ကြေညာခဲ့ပြီး မေလ ၂ ရက် မနက်ပိုင်းမှာတော့ ၃၆ ဦးထိ တိုးလာခဲ့တာပါ။ နောက်ထပ် ဒဏ်ရာရသူ ဒါဇင်နဲ့ချီပြီး ဆေးရုံမှာ ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

ကွမ်တုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းလို့ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။ အခုဖြစ်စဉ်ကလည်း လမ်းအောက်ဖက် တောင်ပတ်လမ်း မြေသားတွေ ရေတိုက်စားခံရလို့ ၁၈ မီတာလောက်ရှည်တဲ့ လမ်းအစိတ်အပိုင်း ပြိုဆင်းသွားတာလို့ ယူဆရပါတယ်။ ဒါပေမဲ့ လမ်းပြိုမှု အကြောင်းရင်းကို လောလောဆယ် အတိအကျ မသိရသေးပါဘူး။

မေလ ၂ ရက် မနက်ပိုင်း မြင်ကွင်းတွေမှာတော့ လမ်းအပျက်အစီး နေရာမှာ မြေတူးစက်ကြီးတွေ အသုံးပြုပြီး ရှင်းလင်းနေသလို ပျက်စီး မီးလောင်သွားတဲ့ ကားတွေကို ကရိန်းနဲ့ ဆွဲတင်နေတာ တွေ့ရပါတယ်။

တရုတ် အစိုးရ မီဒီယာတွေကတော့ သဘာဝ ဘေးအန္တရာယ်တခု ရုတ်တရက် ကျရောက်တဲ့ အခြေအနေကြောင့် အခုလို ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာတာလို့ ဖော်ပြထားကြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကိုလည်း အရေးပေါ် စေလွှတ်ပေးခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ကွမ်တုံပြည်နယ်ထဲမှာ ဧပြီတလလုံး အကြီးအကျယ် မိုးရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူ ၄ ဦး သေဆုံးခဲ့သလို သိန်းနဲ့ချီ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

 Ref: Straits Times