ယူကရိန်းမှာ ရုရှားက ဓာတုလက်နက် သုံးစွဲခဲ့တယ်လို့ အမေရိကန်စွပ်စွဲ


မေ၊ ၂

ယူကရိန်း စစ်ပွဲမှာ ရုရှားက ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်နေကြောင်း အမေရိကန်က တရားဝင် စွပ်စွဲ ပြောကြားလိုက်ပါတယ်။

မေလ ၁ ရက်နေ့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားဟာ ကလိုရိုပီခရင် ဓာတ်ငွေ့တွေကို ယူကရိန်း တပ်ဖွဲ့တွေဆီ ပစ်မှတ်ထား အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ ဓာတုလက်နက်များ ကွန်ဗင်းရှင်း (CWC)ရဲ့ သဘောတူညီချက်တွေကို အတိအလင်း ချိုးဖောက်လိုက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အဓိကရုဏ်း နှိမ်နင်းရေးအတွက် အသုံးပြုတဲ့ မျက်ရည်ယိုဗုံးလို ဓာတ်ငွေ့တွေကိုလည်း ရုရှားက CWC သဘောတူညီချက်တွေကနေ လက်တလုံးခြားလုပ်ပြီး ယူကရိန်း စစ်ပွဲမှာ ကျင့်ဝတ်မဲ့ အသုံးပြုနေတယ်လို့ အမေရိကန်က ဆိုပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်း ကာကွယ်ရေးတပ်တွေရဲ့ အခိုင်အမာ ခြေကုပ်စခန်းတွေကနေ ထွက်ပြေးစေဖို့ ရည်ရွယ်ပြီး အခုလိုမျိုး တားမြစ် ဓာတ်ငွေ့တွေကို အသုံးချနေတာဖြစ်ကြောင်း၊ နည်းဗျူဟာပိုင်း အသာစီး ယူဖို့အတွက် စစ်မြေပြင်မှာ ရုရှားက ဓာတုလက်နက်တွေ အသုံးပြုနေတာဖြစ်ကြောင်း အမေရိကန်က ဆိုပါတယ်။

ရှေ့တန်းရောက် ယူကရိန်း စစ်သည် တော်တော်များများက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဓာတုအဆိပ်သင့် လက္ခဏာကြောင့် မအီမသာဖြစ်တာ၊ နာမကျန်းတာမျိုး အခြေအနေတွေ ပိုမို တွေ့ကြုံလာရတယ်လို့ ပြောပါတယ်။ ရုရှားဟာ အဆိပ်အတောက်ပါတဲ့ ဓာတ်ငွေ့တွေကို ဖေဖော်ဝါရီ တလတည်းမှာတင် အကြိမ်ပေါင်း ၂၅၀ လောက် ရှေ့တန်း စစ်မြေပြင်တွေမှာ အသုံးပြုခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ ယူကရိန်း စစ်တပ်ကလည်း ထုတ်ပြန်ဖူးပါတယ်။

ရုရှားကတော့ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အရင်တုန်းက စွပ်စွဲခံရမှုတွေကို ဆက်တိုက် ငြင်းဆိုခဲ့ဖူးပါတယ်။ ဇန်နဝါရီလတုန်းကလည်း နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ရုရှားရဲ့ လက်နက်တိုက်ထဲမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတာ လုံးဝမရှိကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အဖွဲ့တွေဆီက အတည်ပြုချက် ရရှိထားပြီး ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ကြေညာခဲ့ဖူးပါတယ်။

ကလိုရိုပီခရင်ကို ပထမ ကမ္ဘာစစ်တုန်းက စစ်မြေပြင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဓာတုလက်နက်အဖြစ် တားမြစ် ပိတ်ပင်ထားလိုက်ပါတယ်။ အဲဒီဓာတ်ငွေ့ ထိတွေ့ခံရတဲ့အခါ မျက်လုံး၊ အဆုတ်နဲ့ အရေပြားတွေကို ထိခိုက်စေပြီး မူးမော်အော့အန်တာ၊ ယားယံတာ၊ ဝမ်းပျက်တာတွေကို သီတင်းပတ် အတော်ကြာတဲ့ထိ ခံစားရနိုင်တယ်လို့ သိရပါတယ်။

Ref: CNN