ဧပြီ၊ ၁၀
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မနေ.ကဧပြီလ ၉ ရက်ညနေ ၅ နာရီလောက်မှာ ဆေးခန်းထိုင်လူနာကြည့်နေတဲ့ ဆရာဝန်တဦးကို လက်နက်ကိုင်တဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ပုန်းလျှိုးကွယ်လျှိုးဆွဲသွားတာမဟုတ်ဘူး၊ ဆေးခန်းမှာ လူနာကြည့်နေတဲ့အချိန် ဝင်ဆွဲသွားတာ၊ အခုထိ ဘာသတင်းအစအနမှ မရသေးဘူး” လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ဆရာဝန်ဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါက်တာ မိုးကျော်နိုင် ဆိုသူဖြစ်ပြီး မူဆယ်မြို့၊ စျေးရပ်ကွက်က သူ့ရဲ့ဆေးခန်းမှာ လူနာကြည့်နေတဲ့အချိန် လက်နက်ကိုင်တွေက အခုလို ပြန်ပေးဆွဲသွားတာလို့ သိရပါတယ်။
“ပိုက်ဆံတောင်းဖို့ပဲဖြစ်လိမ့်မယ်၊ မူဆယ်မှာ အဲလိုတွေက နေ့တိုင်းလိုလိုဖြစ်နေပြီ၊ တချို့အဖွဲ့တွေကိုတော့ အာဏာပိုင်တွေက ဖမ်းမိတယ်၊ တချို့ကိုတော့ အခုထိ မဖော်ထုတ်နိုင်သေးဘူး” လို့လည်း အထက်ပါ မူဆယ်ဒေသခံက ပြောပါတယ်။
အခုလို ပြန်ပေးဝင်ဆွဲသွားတဲ့ ဆေးခန်းဟာ မူဆယ်မြို့ မြို့မစျေးနဲ့ မလှမ်းမကမ်းမှာရှိပြီး အချိန်ပြည့် လူစည်ကားနေတဲ့ နေရာလို့လည်း ပြောကြပါတယ်။
အိမ်စီးကားတစီးနဲ့ လက်နက်ကိုင် လေးဦးက အခုလို ဖမ်းဆီးသွားတာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာလည်း ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အခုလို ပြန်ပေးဆွဲပြီး ပိုက်ဆံတောင်းခံတာ၊ ဓားပြတိုက်လုယက်တာ၊ ခြိမ်းခြောက်စာပို့ပြီး ပိုက်ဆံတောင်းခံတာတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်တရက်တည်းမှာပဲ မူဆယ်မြို့အတွင်း ပြန်ပေးဆွဲပြီး ငွေကြေးတောင်းခံတဲ့ ဖြစ်စဥ် နှစ်ခုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Social Media