ဧပြီ၊ ၁၀
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာမှုတွေရှိနေချိန် မနေ့က မြဝတီမြို့မှာ စစ်မဲ့ဇုန်သတ်မှတ်ပေးရေး ဆန္ဒပြပွဲတခုပြုလုပ်ခဲ့တယ်လို့ ပါဝင်ခဲ့သူတချို့နဲ့ မြို့ခံတွေဆီက သိရပါတယ်။
အဲ့ဒီဆန္ဒပြပွဲမှာ စစ်ရှောင်အရပ်သားတွေလည်း ပါဝင်ခဲ့ပေမယ့် ဦးဆောင်သူတွေကတော့ တပ်ထောက်ခံသူတွေ ဖြစ်တယ်လို့လည်း အခြေအနေကိုသိတဲ့ မြဝတီမြို့ခံတချို့က DNAကိုပြောပါတယ်။
“တပ်ထောက်ခံသူတွေက ဦးဆောင်လုပ်ကြတာ၊ တကယ်တော့ စစ်ရှောင်တွေကို ခေါ်ပြီး လုပ်ကြတာပေါ့ဗျာ၊ သူ တို့ ပိတ်မိနေပြီးဟာ”လို့ မနေ့က ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူတွေကိုသိတဲ့ မြို့ခံတဦးကပြောပါတယ်။
စစ်ရေးတင်းမာမှုနဲ့ ဒီကနေ့အထိ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် စစ်ကောင်စီရဲ့ ယန္တရားတွေ ဆက်လက်ထိန်းချုပ် ထားသေးတဲ့ မြဝတီမြို့မှာ ဆန္ဒပြသူတွေက မြဝတီမြို့မှာစစ်ဖြစ်လာမှာမလိုလားတဲ့အကြောင်း ရေးသားထားတဲ့ ဗီနိုင်းတွေနဲ့ ပေါ်ပေါ်တင်တင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
“ကြံ့ခိုင်ရေးအုပ်စုတွေပါတယ်လေ၊ ကိုယ့်မြို့ကလူတွေအချင်းချင်းဆိုတော့ မသိဘဲနေမလား၊ ဒါက ကျွန်တော်တို့ သိတာ ပြောပြတာပါ၊ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အမုန်းခံပြီး ပြောနေမှာလဲဗျ၊ တကယ်ဖြစ်နေတာကို တ ကယ်ပြောတာပဲလေ၊ အားလုံးကို ပြောတာမဟုတ်ဘူးနော်၊ တချို့ဦးဆောင်သူတွေထဲက ပြောတာ”လို့အထက်ပါ မြဝတီမြို့ခံကပြောပါတယ်။
အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ ကော့ကရိတ်မြို့နယ်၊ သင်္ဃန်းညီနောင် အစရှိတဲ့ မြဝတီမြို့အနီးပတ်ဝန်းကျင်ကနေ စစ် ရှောင်လာသူတွေလည်းပါဝင်ကြတယ်လို့ သိရပါတယ်။
မြဝတီနဲ့ကော့ကရိတ်ကြား မြဝတီမြို့အနီးက သင်္ဃန်းညီ နောင်အခြေစိုက် စစ်ကောင်စီတပ်အားလုံး သိမ်းပိုက် ခံရတာ၊ခြောက်ရာကျော်လက်နက်ချတာတွေဖြစ်ခဲ့ပြီးနောက် မြဝတီမှာမြို့စောင့်တပ်အဖြစ် ခလရ ၂၇၅ တပ် ရင်းတခုသာကျန်ပြီး စစ်ကောင်စီအင်အားနည်းသွားချိန်မှာ အခုလို တောင်းဆိုမှုတွေပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
အလားတူ အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက အရပ်သားတွေအပေါ် ဦးတည် တိုက် ခိုက်တာတွေအပေါ် နှုတ်ဆိတ်နေခဲ့တဲ့ ကရင်ပြည်နယ်အတွင်းက ဘုန်းတော်ကြီးတချို့ကလည်း လက်ရှိမှာတော့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ကို ငြိမ်းချမ်းရေး ရှေ့ရှုဖို့ တောင်းဆိုချက်တရပ်ပေးပို့ခဲ့ပါသေးတယ်။
မနေ့က ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေက“ဆက်ပြေးစရာမြေလည်း မရှိတေ့တဲ့အတွက် မြဝတီမြို့အား စစ်မဲ့ဇုံ သတ်မှတ်ပေး၊ ကော့ကရိတ်၊ ညီနောင်၊ ရွာသစ်၊ ဝှေံရှမ်း၊ မဲ့ပလဲ့ဒုက္ခသည်တွေ စုပေါင်းနေထိုင်ရာ မြဝတီမြို့အားစစ် မဖြစ်ရေး၊ စစ်ဘေးဒုက္ခ သည် များ နောက်ဆုံးခိုလုံရာ မြဝတီမြို့ကို ချမ်းသာပေး” စတဲ့စာသားပါဗီနိုင်းတွေကိုင်ကာ မြဝတီ မြို့ အမှတ်(၁)ရက်ကွက် ဘောလုံးကွင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
“ကိုယ်တို့က ကော့ကရိတ်ကနေ လာရှောင်ကြတာပါ၊ ဒီမှာ တိုက်ပွဲထပ်မဖြစ်စေချင်တဲ့သဘောပါ၊ ကိုယ်တို့မှာ ပြေး စရာနေရာလည်း မရှိတော့ဘူး၊ မဲဆောက်ဘက်သွားဖို့ကလည်း ငွေကြေးမတတ်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ တောင်းဆိုတာပါ” လို့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်တဲ့ ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင်ပြည်သူတဦးက DNA ကို ပြောပါတယ်။
အဲ့ဒီဆန္ဒပြပွဲလုပ်ခဲ့တဲ့မနေ့ကပဲ မြဝတီမြို့ပြင်မှာ တခုတည်းကျန်ရှိနေတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၇၅)ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက် နက်ကြီးပစ်ကူတွေ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ မြဝတီမြို့တဝိုက်တိုက်ပွဲတွေပိုမိုပြင်းထန်နေပြီး စစ်ကောင်စီကလည်း တပ်အင်အားရာချီ စေ လွှတ်ဖြည့်တင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မြဝတီမြို့နေထိုင်သူတချို့နဲ့ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေက ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့ဘက်ကို အမှတ်(၁)ချစ်ကြည်ရေးတံတားကနေတဆင့် ဝင်ရောက်တိမ်းရှောင်မှုတွေလည်း ရှိနေကြပါတယ်။
“မြို့ထဲမှာ မရှိတော့တာမဟုတ်ဘူး၊ အများကြီးကျန်နေတာ၊ မဲဆောက်ကို ထွက်တဲ့သူတွေလည်း မနည်းဘူး၊ ကိုယ့် ဟာနဲ့ကိုယ်ပဲ ရှောင်နေတာပေါ့” လို့ အထက်ပါမြို့ခံက ပြောပါတယ်။
လက်ရှိမှာကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်တို့က ဒေသခံငါးထောင်ကျော်လောက် မြဝတီမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Social Media