ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ လိုလားကြောင်း ဩစတြေးလျ အရိပ်အမြွက်ပြော

ဧပြီ၊ ၁၀

ပါလက်စတိုင်းကို နိုင်ငံတခုအဖြစ် အသိအမှတ် ပြုတာမျိုးကို ထောက်ခံလာနိုင်ခြေ ရှိတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ 

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေနဲ့ အသိအမှတ်ပြု ဆက်ဆံခြင်းဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေကို ပိုပြီး ခရီးရောက်စေမယ်လို့ ယုံကြည်ကြောင်း ဝန်ကြီး ပန်နီဝေါင်က ဆိုပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့ရင်တောင် ဟားမားစ်တွေကို နေရာပေးဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူဟာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးဆိုတဲ့ အမြင်ကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ဖြစ်တာကြောင့် ဝေါင်ရဲ့ သဘောထားက အစ္စရေး အစိုးရကို ဒေါသထွက်စေမှာ သံသယရှိဖို့ မလိုပါဘူး။

တချိန်တည်းမှာပဲ ဩစတြေးလျ အတိုက်အခံ ပါတီတွေနဲ့ ဩစတြေးလျ ဇီယွန်နစ် အဖွဲ့ချုပ်တို့ကလည်း အခုလို အတွေးမျိုးက ဆင်ခြင်တုံတရား နည်းလွန်းရာ ကျနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝေါင်ရဲ့ မှတ်ချက်မျိုးကို အခုနှစ် အစောပိုင်းမှာ ကတည်းက ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် ကင်မရွန်ကလည်း ပြောခဲ့ဖူးပါတယ်။ ဗြိတိန်ဟာ အစ္စရေးရဲ့ ပူးပေါင်းပါဝင်မှု မရှိရင်တောင် အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်ရေး လမ်းကြောင်းဆီ ဦးတည်နိုင်ခြေမျိုး ရှိတယ်လို့ ကင်မရွန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဂါဇာမှာ အစ္စရေး ထိုးစစ်ကြောင့် ပါလက်စတိုင်း အရပ်သား အများအပြား သေဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း သဘောထားတွေ အတိအလင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဩစတြေးလျ နိုင်ငံသား တဦးအပါအဝင် လူသားချင်းစာနာမှု ထောက်ပံ့ရေး ဝန်ထမ်း ၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကလည်း အခြေအနေတွေကို ပိုမို ရှုပ်ထွေးလာစေခဲ့ပါတယ်။

 

Ref: BBC