ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ဧပြီ၊ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တွေပူးရွာမှာ မနေ့ကဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ ဆယ်တန်းကျောင်းသူ တဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။
 
“ကလေးတွေက စစ်ရှောင်နေသူတွေပါ ရွာကိုခဏပြန်ရင်း အခုလိုဖြစ်သွားတာပါ။ မိန်းခလေးတယောက်ကတော့ နေရာမှာဆုံးတယ်ကျန်နှစ်ဦးကလည်း ထိခိုက်သွားတယ် အခုတော့ဆေးကုသနေတယ်” လို့ သူကပြောပါတယ်။
 
မနေ့က မနက် ၁၀နာရီခွဲမှာ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနဲ့ လွယ်ပွတ်ကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက တွေပူးကျေးရွာအတွင်းကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) ကဆိုထားပါတယ်။
 
အဲဒီလိုပစ်ခတ်မှုကြောင့် တွေးပူကျေးရွာရှိ အသက် ၁၅ နှစ်အရွယ် မနန်းစိန်မြဆိုသူ မိန်းကလေးသေဆုံးသွားခဲ့ပြီး သူရဲ့ သူငယ်ချင်းနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လိုဆိုပါတယ်။
 
စစ်ကောင်စီတပ်ကတော့ ဆီဆိုင်မြို့ကို ဌာနပြည်သူစစ်တွေနဲ့ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်ပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ မြို့ကို ပြန်လည်ထိန်းချူပ်နိုင်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် ဆီဆိုင်မြို့တွင်းနေရာ တချို့နဲ့ ဘေးပတ်လည်ကျေးရွာတွေမှာ PNLA တပ်တွေရှိနေသေးပြီး စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေသေးလို့ စစ်ဘေးပြည်သူတွေနေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
 
ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်း မြို့နယ် တွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၁ ရက်ကနေ ဧပြီ ၆ ရက်အထိ စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက် ပွဲတွေအတွင်း အရပ်သား ပြည်သူ ၅၈ ဦးသေဆုံး ခဲ့တယ်လို့ပအိုဝ်းလူငယ်အစည်းအရုံးရဲ့အချက်အလက်တွေအသိရပါတယ်။
 
စစ်တပ်ရဲ့ အရပ်သားနဲ့ စစ်ရေးပစ်မှတ် ခွဲခြားမှုမရှိဘဲ ပစ် ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၇၁ ဦးထိခိုက်ဒဏ် ရာရခဲ့သလို နေအိမ် အဆောက်အဦးပေါင်း ၅၇၉ လုံးအ ထိ ထိခိုက်ပျက်ဆီးသွားခဲ့ရပြီး ဘာသာရေးအဆောက် အဦတွေ ဆေးရုံ၊ ဆေးခန်းတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့က လူဦးရေ ၆၉၀၀၀ နဲ့အထက် စစ်ဘေးရှောင်နေရသေးတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – PNLA