ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်၊ သေဆုံးရသူတွေ ဆက်တိုက်ရှိနေ

ဧပြီ၊ ၈
 
ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ဆက်တိုက်ရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ စနစ်တကျလုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်းရှိ စစ်ကောင်စီတပ်က စခန်းချနေထိုင်ခဲ့တဲ့ နေရာတွေအနီးတဝိုက်မှာ မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပြီး ထိခိုက်၊ သေဆုံးရသူ ဆယ်ချီရှိပြီလို့ စာရင်းကောက်ယူနေသူတွေက ဆိုပါတယ်။
 
“တပ်တော်က မိုင်းတွေ ရှင်းထားပြီးပြီဆိုပေမယ့် သေသေချာချာအသေးစိတ် မလုပ်ရသေးတော့ အထိအခိုက်တွေ ရှိနေတာပါ၊ ထင်းခွေ၊ ငါးရှာကအစ ပြည်သူတွေမှာ အန္တရယ်အရမ်းများပါတယ်၊ ပညာပေးတာတွေလည်း သေချာမလုပ်နိုင်တော့ ပိုဆိုးတာပေ့ါ” လို့ မင်းပြားမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေအထိုင်ချနေခဲ့တဲ့ မင်းပြားမြို့အနီး ငတန်ပျင်းရွာမှာ စစ်ကျန်ဗုံးသီးတလုံးကို ထုကြည့်ရာကနေ သက်ကြီးအမျိုးသားတဦး သေဆုံးပြီး သမီးဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
 
မတ်လ ၃၀ ရက်နေ့ကလည်း မင်းပြားမြို့ ကျိန်းတောင်တက်လမ်းအနီးမှာ မိုင်းပေါက်ကွဲလို့ ဒေသခံလူငယ်တဦး ဒဏ်ရာရခဲ့ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ စခန်းချနေခဲ့တဲ့ မင်းပြားမြို့ပေါ်၊ မြေပုံမြို့ပေါ်နဲ့ မင်းပြားမြို့နယ် ကျားရဲပြင်ရွာတို့မှာလည်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေ ရှိခဲ့ပါတယ်။
 
အလားတူပဲ အခြားသော AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအတွင်းရှိ ပြည်သူတွေဟာလည်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှာ စိုးရိမ်တာကြောင့် လွတ်လွတ်လပ်လပ်သွားလာလို့မရကြသေးဘူးလို့ ပြောကြပါတယ်။
 
“စစ်သားတွေကတော့ သူတို့ဆုတ်ရရင် မိုင်းတွေအများကြီးထောင်ခဲ့မှာပဲ၊ အခု ထင်းမရှိလို့ ထင်းခုတ်ဖို့ မသွားရဲဘူး၊ အလုပ်တွေလည်း ပုံမှန်မလုပ်နိုင်ဘူး၊ မိုင်းကို အရမ်းကြောက်ရတယ်၊ ထိလိုက်ရင် ခြေပြတ်၊ လက်ပြတ်ဖြစ်တာပဲလေ၊ အဲဒါကြောင့် အမြန်ဆုံးရှင်းပေးစေချင်တယ်”လို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဒေသခံတဦးက ပြောပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ကတော့ သူတို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မိုင်းရှင်းကိရိယာအပါအဝင် အခက်အခဲ၊ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း နီးစပ်သူတွေက ပြောဆိုကြပါတယ်။
 
ရခိုင်ဒေသခံလူမှုရေးတက်ကြွလှုပ်ရှားသူတဦးကတော့ ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ အကူအညီပေးဖို့ လိုအပ်ပြီး မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့လည်း ထောက်ပြပါတယ်။
 
AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအပြင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း မိုင်းထိမှန်ပေါက်ကွဲလို့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ရှိနေပါတယ်။
 
ရခိုင်ပြည်နယ်မှာ အခုတကျော့ပြန်တိုက်ပွဲနောက်ပိုင်း စစ်ကျန်လက်နက်နဲ့ မိုင်းထိမှန်တာတို့ကြောင့် သေဆုံးရသူ နှစ်ဆယ်ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ဆယ်ချီရှိပြီလို့ ဒေသတွင်းစာရင်းကောက်ယူသူတွေက ပြောကြပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးရသူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထက် နှစ်ဆခွဲကျော်ပိုများခဲ့ပြီး ၁၀၅၂ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အဲဒီမိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူတွေထဲက ၂၁ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်တယ်လို့ လည်း UNICEF က ဆိုပါတယ်။
 
AA ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်စေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
 
ဓာတ်ပုံ – ABN