တော်လှန်ရေးအင်အားစုတွေ လူထုမျက်နှာငဲ့ဖို့ NUG ယာယီသမ္မတပြော

မတ်၊ ၂၆
 
မြန်မာပြည်သူတွေဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုဖြစ်တာကြောင့် တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့ လူထုမျက်နှာကိုငဲ့ပြီး စစ်ကောင်စီပြိုလဲချိန်အထိ ဝိုင်းဝန်းကြိုးစားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်ပါတယ်။
 
“တော်လှန်ရေးသုံးနှစ်တာ ကာလအတွင်းမှာ လူထုရဲ့ ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်ခံစားကြရမယ်လို့ ယုံကြည်ပါတယ်” လို့ ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ သူကပြောပါတယ်။
 
ဒါကြောင့် တော်လှန်ရေးအရှိန်နဲ့ တော်လှန်ရေးသက်လုံကို ချိန်သားကိုက်နေအောင် အမြဲလုပ်ဆောင်နေကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲမှုကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်တဲ့ လက်ရှိအချိန်မှာ ပြည်သူတွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ထောက်ပြပါတယ်။
 
NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ လူထုအတွက် အကျိုးအဖြစ်ထွန်းဆုံးကိစ္စတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ဖို့ လိုသလို လွယ်လွယ်ကူကူဖြစ်အောင်လုပ်ဖို့လည်း လိုတယ်လို့ သူကဆက်ပြောပါတယ်။
 
“ကျွန်တော်တို့ အားလုံးရဲ့ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။
 
NUG အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကတော့ တော်လှန်ရေးကာလသုံးနှစ်အတွင်း ရည်မှန်းခဲ့သလောက် ရာနှုန်းပြည့် မဆောင်ရွက်နိုင်ခဲ့ပေမယ့် အတိုင်းအတာတခုအထိ ကြိုးစားရုန်းကန် အားထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ အစည်းအဝေးမှာ ပြောပါတယ်။
 
“အထူးသဖြင့် သမိုင်းကြောင်းရှည်လျားပြီး လူမျိုးပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ တည်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘုံရည်မှန်းချက်တူညီစွာ စုစုစည်းစည်း အလုပ်လုပ်နိုင်ကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတခု” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။
 
ဒီကနေ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းခန့်ထားရေး အခြေအနေတွေကို အဲဒီဌာနဝန်ကြီး ဦးသိန်းဦးက တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
ယာယီသမ္မတကတော့ NUG အစိုးရအဖွဲ့တွင်း ဝန်ထမ်းတွေ ခန့်အပ်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ “မလျော့မတင်း” မူကို လက်ကိုင်ထားပြီး အစွန်းနှစ်ဖက်ကို ရှောင်ဖို့၊ မျိုးဆက်သစ်လူငယ်တွေကို အစားထိုးခန့်အပ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 
“တော်လှန်ရေးဆိုတာက အဟောင်းကို အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော်တို့ဟာ မျိုးဆက်ဟောင်းကို မျိုးဆက်သစ်နဲ့ အစားထိုးနိုင်မှသာ အနာဂတ်ကာလမှာ သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
 
ဓာတ်ပုံ – EPA