မတ် ၊၂၅
စစ်ရေးရှုံးနိမ့်မှုတွေကို အာရုံလွှဲသွားစေဖို့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖန်တီးနေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်တွေကို နိုင်ငံရေးအသိ၊ သမိုင်းသင်ခန်းစာတွေနဲ့ သတိထားနေထိုင်ကြဖို့ ပြည်သူလူထုတွေကို တိုက်တွန်းကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်တွင်းရှိ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က စစ်သင်တန်းပေး ရှေ့တန်းပို့နေတာ၊ ရက္ခိုင့်တပ်တော်(AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိကြောင်း ဆန္ဒပြကြဖို့ ခြိမ်းခြောက်စေခိုင်းနေတာတွေနဲ့ ပက်သက်လို့ AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ULA က အခုလို ထုတ်ပြန်လာတာပါ။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(ရှစ်ခု)ထက်ဝက်နီးပါးကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရေးရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့ ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် အခုရက်တွေအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေတာ အထင်အရှားတွေ့မြင်နေရတယ်လို့ ULA က ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ က အဓိကကြိုးကိုင်ပြီး ရိုဟင်ဂျာတွေကို ဆန္ဒပြစေခိုင်းခဲ့ကာ မောင်တောမြို့မှာလည်း အလားတူဆန္ဒပြပွဲတွေပြုလုပ်ဖို့ ကြိုးစားအားထုတ်နေတာ သိရတယ်လို့ ULA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ သူတို့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ကျေးရွာအချို့မှ ရိုဟင်ဂျာတွေကို ငွေကြေးမက်လုံးပေး၊ ခြိမ်းခြောက်ခေါ်ယူကာ AA အလိုမရှိကြောင်း မြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခိုင်းခဲ့တာလို့ ဒေသတွင်းရိုဟင်ဂျာတွေက DNA ကို ပြောထားပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်အတွင်းမှ ရိုဟင်ဂျာတွေကိုလည်း အလားတူ ဆန္ဒထုတ်ဖော်ကြဖို့ လာရောက်ခြိမ်းခြောက်၊ ပြောဆိုထားတယ်လို့ ကာယကံရှင်တွေက DNA ကို ပြောထားကြပါတယ်။
“စစ်တပ်က ပိုက်ဆံတွေ မက်လုံးတွေပေးပြီး အမျိုးမျိုးစည်းရုံးနေတော့ တချို့တွေ နားယောင်သွားမှာ စိုးရတယ်၊ မူဆလင်အသိုင်းအဝိုင်းမှာလည်း စစ်တပ်က အကြံနဲ့ လုပ်နေတာကို နားလည်သူရှိသလို နားမလည်တဲ့သူလည်း ရှိနေတာကို”လို့ စစ်တွေမြို့နယ်မှ AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ဖို့ စည်းရုံးခံခဲ့ရတဲ့ ရိုဟင်ဂျာလူငယ်တဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေအားလုံးဟာလည်း မြန်မာစစ်တပ်ရဲ့လှုံံ့ဆော်၊ သွေးထိုးမှုတွေကြောင့်ဖြစ်ခဲ့ရတာဖြစ်လို့ ပိုသတိထားကြဖို့လိုတယ်လို့ ရခိုင်ဒေသခံ ရိုဟင်ဂျာကျောင်းဆရာတဦးက ထောက်ပြပါတယ်။
“ဖြစ်လာရင် ကျွန်တော်တို့ပဲ နစ်နာမှာ”လို့ ၎င်းက ဆိုပါတယ်။
ဒါ့ကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ ဩဇာရှိသူတွေ၊ ဘာသာရေးဆရာတွေအနေနဲ့လည်း နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခတွေမဖြစ်ရအောင် ထိန်းသိမ်းပေးကြဖို့လိုပြီး ULA ရဲ့ သတိပေးချက်အပေါ် ကြိုဆိုတယ်လို့ အဆိုပါရိုဟင်ဂျာကျောင်းဆရာက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို AA အလိုမရှိကြောင်း ဆန္ဒပြဖို့ခိုင်းစေနေတဲ့အပြင် နိုင်ငံသားကဒ်ထုတ်ပေးမယ်၊ လွတ်လပ်စွာသွားလာခွင့်ပေးမယ်၊ ငွေကြေးထောက်ပံ့ပေးမယ်စတဲ့ မက်လုံးတွေ ပေးကာ တပ်သားစုစစ်သင်တန်းပေးတာတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာလူငယ်တွေ သေဆုံးခဲ့ရတာတွေသာ ရှိပြီး နိုင်ငံသားကဒ်ထုတ်ပေးတာမျိုး မရှိသေးဘူးလို့ စစ်တွေမြို့နယ် အုန်းတောကြီးရိုဟင်ဂျာရွာမှ ရိုဟင်ဂျာ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။
ULA ထုတ်ပြန်ချက်ထဲမှာလည်း လွန်ခဲ့တဲ့အပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်က ရိုဟင်ဂျာ (ဘင်္ဂလီလူမျိုးလို့ သုံးနှုန်း)တွေကို ထည့်သွင်းအသုံးပြုခဲ့တာတွေ့ရတယ်လို့ ဆိုထားပါတယ်။
အဲဒီတိုက်တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာအလောင်းတွေကိုလည်း AA က ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်တိုက်ခိုက်သွားမှာဖြစ်ပြီး “အာရက္ခဒေသတွင်းတွင် ရက္ခိုင့်တပ်တော်မှလွှဲ၍မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမျှ မရှိစေရ” ဆိုတဲ့ မူအတိုင်း ဆက်ရှိနေမယ်လို့ ULA က ဒီနေ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း အာရက္ခဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာ(မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်း)တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းခိုင်းနေတဲ့အပေါ် ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်ပြီး မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့ ULA က ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။
အနာဂတ်မှာ ငြိမ်းချမ်းတိုးတက်ပြီး ညီညွှတ်မျှတတဲ့တိုင်းပြည်ကို တည်ဆောက်လိုရင် တကမ္ဘာလုံးနဲ့ တနိုင်ငံလုံးရဲ့ ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစေဖို့ ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ကြဖို့ အရေးကြီးပြီး တပ်သားစုဆောင်းခံခဲ့ရရင်လည်း ရရာနည်းနဲ့ ရုန်းထွက်ပြီး လွတ်မြောက်နယ်မြေတွေမှာ လာရောက်ခိုလှုံကြဖို့ AA က ရိုဟင်ဂျာလူငယ်တွေကို အသိပေးထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာတထောင်နီးပါးဟာ စစ်ကောင်စီတပ်ရဲ့ တပ်သားစုဆောင်းသင်တန်းပေးတာကို ခံနေကြရပြီး ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် ကြီးကြပ်နေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေသလို အပြစ်မဲ့ပြည်သူလူထု၊ မြို့၊ ရွာ၊ လူနေအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် စေတီ၊ ပုထိုးတွေကိုလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကာ အကြမ်းဖက်လုပ်ရပ်၊ စစ်ရာဇာဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းတွေကို နေ့စဉ်ကျူးလွန်နေတယ်လို့လည်း ULA က ဆိုပါတယ်။
ရခိုင်ဒေသတိုက်ပွဲလေးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သားပြည်သူ နှစ်ရာဝန်းကျင်နဲ့ ဒဏ်ရာရသူ ငါးရာဝန်းကျင်ရှိပြီဖြစ်ပြီး အဲဒီအထဲမှာ ရိုဟင်ဂျာတွေလည်း ဆယ်ချီပါဝင်တယ်လို့ ဒေသတွင်းစာရင်းကောက်ယူနေသူတွေရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ အဲဒီဒေသတွေမှာ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးတို့ ဆောင်ရွက်နေပြီး ဒေသအတွက် အကျိုးရှိမယ့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကိုလည်း အသိအမှတ်ပြုကြိုဆိုကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖိတ်ခေါ်ထားပါတယ်။
ရင်းနှီးမြှပ်နှံလုပ်ကိုင်သူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရယ်တို့ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး လာရောက်ရင်းနှီးမြှပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ၊ စီမံကိန်းတွေအနေနဲ့လည်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့လည်း ULA က ဆိုပါတယ်။
မြို့တွေ တခုပြီးတခု သိမ်းပိုက်နေပြီး စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သွားမယ်လို့ AA က ကြွေးကြော်ထားတဲ့ ရခိုင်ပြည်နယ်မှာ အိန္ဒိယရဲ့ ကုလားတန်ဘက်စုံသုံးဖွံ့ဖြိုးရေးစီမံကိန်း၊ တရုတ်ရဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကျောက်ဖြူ – ကူမင်း ရထားလမ်းစီမံကိန်းစတဲ့ စီမံကိန်းကြီးတွေ ရှိနေပါတယ်။
လက်ရှိမှာ AA ဟာ ကုလားတန်စီမံကိန်း တည်နေရာတွေထဲက စစ်တွေမြို့ဆိပ်ကမ်းကလွှဲလို့ ကုလားတန်မြစ်ကြောင်းတလျှောက်လုံး အိန္ဒိယနယ်စပ်အထိကို သိမ်းပိုက်ထားပြီး တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူမှာတော့ တိုက်ပွဲတွေ ကြိုကြားကြိုကြား ရှိနေပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ နေနံနဲ့ သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းထားပြီး ရထားလမ်းဖောက်လုပ်ရာ လမ်းကြောင်းဖြစ်လာမယ့် အမ်းမြို့နယ်အတွင်းမှ တပ်စခန်းတွေကိုလည်း AA က တိုက်ခိုက်နေတာ တွေ့ရပါတယ်။