မတ်၊ ၂၅
နိုင်ငံအတွင်းရှိ တည်ငြိမ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားနိုင်ရေး ကြိုးပမ်းနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
“တိုင်းပြည် တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့၊ တပြိုင်တည်းမဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရုရှားသတင်းဌာနတခုဖြစ်တဲ့ ITAR-TASS သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ စစ်ခေါင်းဆောင်က အခုလို ပြောသွားတာပါ။
အာဏာသိမ်းယူပြီးစ ကာလတွေတုန်းကတော့ စစ်ခေါင်းဆောင်တွေဟာ တနိုင်ငံလုံး အကြားအလပ်မရှိ ရာနှုန်းပြည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးစားမယ်လို့ အကြိမ်ကြိမ်ကြွေးကြော်ခဲ့ကြတာပါ။
အခုအချိန်မှာတော့ အာဏာသိမ်းမှုနဲ့အတူ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်လာတဲ့ ဦးသိန်းစိုးကို စစ်အုပ်စုက ရာထူးက အနားပေးခဲ့သလို သူတို့ ရွေးကောက်ပွဲမျှော်မှန်းချက်ကိုလည်း တထစ်လျှော့လိုက်ရပြီဆိုတာ အတိအလင်း ထုတ်ဖော်ဝန်ခံ ပြောဆိုနေရပါပြီ။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ နိုင်ငံတဝှမ်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ မကြာခဏ ပြောလေ့ရှိပေမယ့် အခုလို တည်ငြိမ်တဲ့ဒေသတွေမှာပဲ အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပဖို့ ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အခုတကြိမ်မှာ ပထမဆုံး ထုတ်ပြောလာတာ ဖြစ်ပါတယ်။
“ဒီရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထား လုပ်ရမှာပါ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်” လို့လည်း သူကပြောပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရေး ဆောင်ရွက်ဖို့ ရှိတယ်လို့ စစ်ခေါင်းဆောင်က အခုမှထုတ်ပြောပေမယ့် အရင်ကလည်း အဲဒီစဉ်းစားချက်တွေရှိနေကြောင်း ပြောဆိုခဲ့တာတော့ ရှိပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ လွတ်တော်အစည်းအဝေးတွေ အထမြောက်ဖို့အတွက် တပ်မသားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းနဲ့ နောက်ထပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသာ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေက ပျက်ပြယ်ပြီလို့ ပြောထားတဲ့ အဲဒီအခြေခံဥပဒေအရ လွှတ်တော်အစည်းအဝေးတက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ထက်ဝက်ကျော်ရင် လွှတ်တော်တွေအထမြောက်မှာ ဖြစ်ပါတယ်။ ဒီအချက်အရ ရွေးကောက်ခံကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထပ်ရှိလာရုံနဲ့ လွှတ်တော်တွေ အထမြောက်အောင်လုပ်နိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုရင် လွှတ်တော်အစည်းအဝေး အထမြောက်အောင် စစ်တပ်က အတင်းလုပ်ယူတယ်ဆိုတဲ့ ပုံရိပ် ဖြစ်လာနိုင်ပြီး ပုံရိပ်အရ မသင့်တော်တာကြောင့် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းလောက်အထိရှိဖို့ ကြိုးစားနေတယ်လို့ စစ်ခေါင်းဆောင်က အဲဒီအချိန်မှာ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်မြင်အောင်လုပ်နိုင်ဖို့တော့ ခက်ခဲမယ်လို့လည်း ဆိုခဲ့ပါတယ်။ အဲဒီအချိန်က ရှမ်းမြောက်တိုက်ပွဲတွေ မဖြစ်သေးသလို၊ ရခိုင်တိုက်ပွဲလည်း မရှိသေးတာကြောင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအတွက် စဉ်းစားရာမှာ နယ်မြေပိုမိုကျယ်ပြန့်ခဲ့တဲ့ အခြေအနေ ရှိပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်က ကိုးကန့်နဲ့ တအာင်းဒေသတွေအပါအဝင် မြို့ ၁၇ မြို့လောက် လက်လွှတ်ခဲ့ရသလို ရခိုင့်တပ်တော် AA ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်တခုလုံးနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်ထက်ဝက်လောက်ကို တိုက်ခိုက်သိမ်းယူထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ထဲက မြို့တချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ကရင်နီ(ကယား) ပြည်နယ်မှာတော့ မြို့တော် လွိုင်ကော်က နယ်မြေအများစုကိုပါ လက်လွှတ်ထားရတဲ့ အခြေအနေကြောင့် စစ်ကောင်စီဟာ ကရင်နီမှာ တက္ကသိုလ်ဝင်စာမေးပွဲမလုပ်နိုင်ခဲ့သလို စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းချိန်မှာလည်း ကရင်နီကိုတော့ တပြည်နယ် လုံးအတိုင်းအတာနဲ့ လူသစ်စုဆောင်းနိုင်တာ မရှိပါဘူး။
အလားတူ ကချင်နဲ့ ကရင်ပြည်နယ်တို့မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေအရှိန်မြှင့်နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေပါသေးတယ်။ ဒီဒေသတွေကလည်း စိုးမိုးနယ်မြေတချို့ လက်လွှတ်ထားရသလို ထပ်ပြီးလည်း အရေးမလှဖြစ်ဖို့ အလားအလာတွေရှိနေသေးတာပါ။
ဒီလို ထိန်းချုပ်နယ်မြေ ဒေသအများအပြား လျော့ကျသွားတဲ့နောက် အပိုင်းလိုက်ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်မယ်ဆိုပြီး စစ်ခေါင်းဆောင်က ထပ်ပြီးပြောဆိုလာတာပါ။
ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ကတော့ စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲ နည်းလမ်းတခုသာရှိလို့ အခုလိုလုပ်ဖို့ ထုတ်ပြောလာတာလို့ သုံးသပ်ပါတယ်။
“တိုင်းပြည်တည်ငြိမ်အောင် လုပ်ပြီးတဲ့အခါမှာ သူတို့က ကာလုံကို အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတဲ့အခါမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာမျိုးတွေ ရှိပါတယ်၊ အဲဒါတွေက တိုင်းပြည်ရဲ့ လက်ရှိအနေအထားမှာ မဖြစ်နိုင်တဲ့ အနေအထားပါ၊ ဒါပေမယ့် ဒီလိုမကျင်းပလို့ရှိရင် နိုင်ငံရေးထွက်ပေါက် မရရှိနိုင်တဲ့အတွက် ဘယ်လိုဖြစ်ဖြစ် ကြံဖန်ပြီး ကျင်းပမယ်ဆိုတဲ့ သဘောထား တွေ ဖော်ပြနေတာပါ” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလို သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲတွေ အကောင်ထည်ဖော်လာနိုင်ပေမယ့် အဲဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
စစ်ကောင်စီကောင်တော့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို သူတို့ရဲ့ ရှေ့လုပ်ငန်းစဥ် ငါးရပ်ထဲ ထည့်သွင်းထားပြီး ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုပါ အသစ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ခွင့် ရထားပြီးဖြစ်တဲ့ နိုင်ငံရေးပါတီ ၄၇ ခုထက်မနည်းရှိပြီး ဥပဒေအသစ်ဟာ တင်းကျပ်လွန်းတယ်လို့ မျတ်ပုံတင်ခွင့်ရ ပါတီတွေက ဝေဖန်ခဲ့တဲ့နောက် စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထဲက အချက်တချို့ကိုပြင်ဆင်ဖြေလျှော့ပေးခဲ့ရပါတယ်။
“ရွေးကောက်ပွဲ လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းဆိုတာထက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်ပေးဖို့ စိတ်ဆန္ဒရှိပါတယ်ဆိုတာကို နိုင်ငံတကာကိုရော၊ ပြည်တွင်းမှာရှိနေတဲ့ တချို့ နိုင်ငံရေးပါတီတွေကိုပါ ဆွဲဆောင်ချင်လို့ ဖြစ်လိမ့်မယ်” လို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မျိုးဆက်သွေးကတော့ ရွေးကောက်ပွဲက လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ တခုတည်းသော နိုင်ငံရေးထွက်ပေါက်ဖြစ်လို့ မဖြစ်မနေကျင်းပဖို့ လိုတယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့လည်း တနိုင်ငံလုံး အတိုင်းအတာအရ အကြားအလပ်မရှိဆိုတဲ့ ဟာမျိုးပေါ့လေ၊ တနိုင်ငံလုံးနီးပါး ဆောင်ရွက်စေချင်တာပေါ့၊ သို့သော် လက်ရှိ အခြေအနေအရ လုံခြုံတဲ့နေရာတွေမှာ အရင်လုပ်မယ်၊ ပြီးတော့မှ နောက်တဆင့် step by step (တဆင့်ချင်း)ပေါ့နော်၊ ဒုတိယဦးစားပေးနေရာ၊ တတိယဦးစားပေးနေရာ အစသဖြင့် လုပ်သွားမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့က လက်ခံပါတယ်” လို့ ဒေါက်တာ မျိုးဆက်သွေးက ပြောပါတယ်။
ဒါပေမယ့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အခုလို အပိုင်းလိုက် ကျင်းပဖို့ ပြောပေမယ့် ဘယ်ချိန်မှာ ကျင်းပမလဲဆိုတဲ့ အချိန်အတိအကျကိုတော့ ပြောသွားတာမျိုး မရှိပါဘူး။
ဒါ့အပြင် အခုလို ရွေးကောက်ပွဲကျင်းပပေမယ့် စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက် မရနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
“ဗမာပြည်မှာ လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့ အခြေအနေအောက်မှာတော့ စစ်ကောင်စီဟာလည်း ဒီထွက်ပေါက်က ထွက်လို့ရနိုင်တဲ့ အခြေအနေမရှိဘူး၊ နိုင်ငံတကာကလည်း ဒီအနေအထားတွေကို သိပါတယ်၊ ဘယ်လိုမှ နိုင်ငံတကာကတော့ အသိမှတ်ပြု ထောက်ခံလာစရာအကြောင်း မရှိပါဘူး” လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
ဒါပေမယ့် စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရကို အိမ်နီးချင်းနိုင်ငံတချို့က ထိတွေ့ဆက်ဆံတာတွေ ပိုလုပ်လာနိုင်ချေရှိတယ်လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။
“လက်ရှိအခြေအနေမှာတောင် စစ်တပ်ကို တရားဝင်အသိမှတ်ပြုချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေ အချို့ရှိတယ်၊ အဲဒီနိုင်ငံတွေ ကကျတော့ကျွန်တော်တို့ တော်လှန်ရေးလည်း အရှေ့ကို မရောက်လာဘူး၊ စစ်တပ်ကလည်း ရွေးကောက်ပွဲလုပ်ပြီးတော့ စစ်တပိုင်း အရပ်သားအစိုးရပုံစံမျိုးနဲ့ တက်လာရင် အဲဒီအိမ်နီးချင်းနိုင်ငံတွေက စစ်တပ်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်တာ လုပ်လာနိုင်တယ်” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသအတွင်း အာဆီယံရဲ့ ထိပ်တန်းအစည်းအဝေးတွေမှာတောင် စစ်ကောင်စီ ခေါင်းဆောင်တွေကို တက် ရောက်ခွင့်ပေးတာမျိုး မရှိသေးပါဘူး။ဒါကြောင့် စစ်ခေါင်းဆောင်ပြောသလို အပိုင်းလိုက် ရွေးကောက်ပွဲတွေ ပေါ်ပေါက် လာမယ်ဆိုရင်လည်း တော်လှန်ရေးအရှိန်လျော့ ကျမသွားသရွေ့ စစ်ကောင်စီအတွက်ထွက်ပေါက်မရနိုင်ဘူးဆို တဲ့ရှုမြင် ချက်တွေလည်းရှိနေပါတယ်။
“လူထုဆန္ဒအရ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်မှ၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်မှပဲ တော်လှန်ရေးက ပြီးဆုံးလိမ့် မယ်၊ အဲတော့ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ပြည်သူလုထုက လက်မခံသရွေ့ တော်လှန်ရေးရဲ့ အရှိန်က ကျစရာ အကြောင်းမရှိဘူး” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။