မတ်၊ ၂၅
ရုရှား ဒုံးကျည်တစင်း လေပိုင်နက်ထဲ ကျူးကျော် ဖြတ်သန်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ပိုလန်က ရုရှားကို တောင်းဆိုလိုက်ပါတယ်။
မတ်လ ၂၄ ရက်နေ့က ရုရှားဟာ ယူကရိန်း နိုင်ငံ အနောက်ပိုင်းက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ ဒုံးကျည် တစင်းက လမ်းကြောင်းချော်ပြီး ပိုလန် လေပိုင်နက်ထဲကို ဖြတ်သန်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အခြေအနေကြောင့် NATO စစ်မဟာမိတ် အဖွဲ့ဝင် ပိုလန်ဟာ F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး ဒုံးကျည်လမ်းကြောင်းကို စောင့်ကြည့်ခဲ့ရပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ယူကရိန်းကို ဒုံးကျည်တွေ အုံနဲ့ကျင်းနဲ့ ပစ်လွှတ် တိုက်ခိုက်မှု ၃ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ ၂ ကြိမ်က မြို့တော် ကိယက်ဗ်ကိုပါ ပစ်မှတ်ထားခဲ့ပါတယ်။
လာဗစ်ဗ်ဒေသ အုပ်ချုပ်ရေး အရာရှိ မက်ခ်ဆင်မ် ကိုဇစ်စကီက မတ်လ ၂၄ ရက်နေ့ တိုက်ခိုက်မှုအတွင်း မြို့ရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတခု ထိခိုက် ပျက်စီးခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်လို နေရာမျိုးကို ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုတာကိုတော့ အတိအကျ မှတ်ချက် မပေးခဲ့ပါဘူး။ အဲဒီ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ယူကရိန်း စစ်ဦးစီးဌာနကတော့ ရုရှားဟာ Tu-95MS အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကနေ ခရုစ် ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက ဒုံးကျည် တစီးဟာ ယူကရိန်း နယ်စပ်နားက ပိုလန်ရဲ့ စိုက်ပျိုးရေး ရွာတခုဖြစ်တဲ့ အိုဆာဒေါ ကောင်းကင်ယံကို ဖြတ်ပြီး ပိုလန် လေပိုင်နက်ထဲ ၃၉ စက္ကန့်ကြာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ ခရုစ်ဒုံးကျည်က ရည်ရွယ်ချက်ရှိရှိ ပိုလန် လေပိုင်နက်ကို ကျူးလွန်ခဲ့တာလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အဲဒီဒုံးကျည်တွေဟာ လေကြောင်း ကာကွယ်ရေး စနစ်တွေရဲ့ ကြားဖြတ် ပစ်ချမှုကို ရှောင်ဖို့အတွက် လမ်းကြောင်း တသမတ်တည်း မဟုတ်ဘဲ အမျိုးမျိုး ပြောင်းလဲ ပျံသန်းတတ်ကြပါတယ်။
ပိုလန် ကာကွယ်ရေးဝန်ကြီး ဝလာဒီဆလော် ကိုဆီနီယက်ခ် ကမ်မစ်ဇ်ခ်က တကယ်လို့ ရုရှားဒုံးကျည်ဟာ ပိုလန်ပိုင်နက်ထဲက ပစ်မှတ် တခုခုဆီ ဦးတည်ခဲ့တယ်လို့ ယုံကြည်ရရင် ကြားဖြတ် ပစ်ချဖို့ပါ ပြင်ဆင်ခဲ့ရကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ နောက်ပြီး ပိုလန်နဲ့ NATO မဟာမိတ်တွေဟာ လေပိုင်နက် ထိပါးခံလာရနိုင်တဲ့ အခြေအနေအတွက် လိုအပ်တဲ့ သတ်မှတ် အစီအမံတွေကို ချက်ချင်း အသက်သွင်းခဲ့တယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိုလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပိုလန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်ဒါဇက်ဂျ် ဆဇက်ဂျ်နာက ပြောပါတယ်။
အိမ်နီးချင်း ယူကရိန်းမှာ စစ်ပွဲ ဖြစ်ပွားနေခြင်းက ပိုလန် ပိုင်နက်ကို သက်ရောက် ထိခိုက်စေမှုတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကဆိုရင် ရုရှား ဒုံးကျည်တွေကို ပစ်ချဖို့ ကြိုးစားတဲ့ ယူကရိန်း ဒုံးခွင်းဒုံးတခု ချွတ်ယွင်းပြီး နယ်စပ်မှာ ကျရောက် ပေါက်ကွဲရာက ပိုလန်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။
Ref: CNN