မတ်၊ ၂၅
မော်စကိုမြို့တော်မှာ လူရာနဲ့ချီ သေဆုံးစေခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှု ကျူးလွန်သူတွေထဲက နှစ်ဦးဟာ ပြစ်မှုအတွက် ဝန်ခံ ထွက်ဆိုပြီး ဖြစ်တယ်လို့ ရုရှား တရားရုံးက ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့က မော်စကိုမှာရှိတဲ့ Crocus City Hall ကပွဲရုံမှာ ဖျော်ဖြေပွဲတခု မတိုင်ခင် လူပေါင်း ထောင်နဲ့ချီ စုဝေးနေတဲ့အချိန် သေနတ်သမား တချို့က ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ၁၃၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
အခင်းဖြစ်တဲ့ နေရာက လွတ်မြောက်သွားတဲ့ သေနတ်သမား ၄ ဦးကို မကြာခင်မှာ ပြန်လည် ဖမ်းမိခဲ့တယ်လို့ ရုရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့မှာတော့ မော်စကို တရားရုံးမှာ အကြမ်းဖက်မှုတွေနဲ့ စွဲချက် တင်ခဲ့တာပါ။
ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေအရ တရားရုံး ရောက်နေတဲ့ သံသယရှိသူ ၄ ဦးဟာ ရိုက်နှက် နှိပ်စက်ခံထားရတဲ့ အခြေအနေတွေ တွေ့ရပြီး တဦးဟာ လမ်းမလျှောက်နိုင်လို့ ဘီးတပ် ကုလားထိုင် အသုံးပြုနေရပါတယ်။ ရုရှား အာဏာပိုင်တွေက အဲဒီ ၄ ဦးအပြင် ကြံရာပါလို့ ယူဆရသူ နောက်ထပ် ၇ ဦးကိုပါ ဖမ်းဆီးထားတယ်လို့လည်း ကြေညာပါတယ်။ ပြီးတော့ ၂ ဦးဟာ ကပွဲရုံ ခန်းမကို အကြမ်းဖက် တိုက်ခိုက်မှုအတွက် အပြစ်ရှိတယ်လို့ ဝန်ခံပြီးဖြစ်ကြောင်း တရားရုံးက ဆိုပါတယ်။
ပြစ်မှု ကျူးလွန်သူတွေဟာ အသက် ၁၉ နှစ်နဲ့ ၃၂ နှစ်ကြား အရွယ်တွေဖြစ်ပြီး သူတို့အပေါ် တင်ထားတဲ့ စွဲချက်အရ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တသက်ထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ပြီးတော့ ၄ ဦးစလုံးက တာဂျစ်ကစ္စတန် နိုင်ငံသားတွေလို့ ဆိုပါတယ်။
ပါကစ္စတန်နဲ့ အာရှအလယ်ပိုင်း နိုင်ငံတချို့မှာ ဖြန့်ကျက်လှုပ်ရှားနေတဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ခွဲ တခုက မော်စကိုက တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း ကြေညာထားပြီး ရုရှားကတော့ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ ယူကရိန်းပါ ဆက်နွှယ် ပတ်သက်နေကြောင်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ယူကရိန်း အစိုးရဖက်ကတော့ ရုရှားရဲ့ စွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ် မရှိကြောင်း တုံ့ပြန် ငြင်းဆိုထားပါတယ်။
လူပေါင်း ၁၃၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဟာ ရုရှားပိုင်နက်ထဲမှာ နှစ်ပေါင်း အတော်များများ ကာလအတွင်း အဆိုးဆုံး အကြမ်းဖက်မှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။
မော်စကိုနဲ့ ရုရှားက မြို့ကြီးတွေမှာတော့ မတ်လ ၂၄ ရက်နေ့တုန်းက နိုင်ငံအလံကို တိုင်တဝက် နှိမ့်ချ လွှင့်ထူပြီး ဝမ်းနည်းကြေကွဲမှုကို ပြသခဲ့ပါတယ်။ ထောင်နဲ့ချီ များပြားတဲ့ မော်စကို မြို့ခံတွေကလည်း ပစ်ခတ်မှု ဖြစ်ပွားရာ ခန်းမဆောင် ရှေ့မှာ လွမ်းသူ့ ပန်းစည်းတွေ လာချခဲ့တာကို တွေ့ရပါတယ်။
ပူတင်ဟာ တိုက်ခိုက်မှုအပြီး တနိုင်ငံလုံးဆီ လိပ်မူခဲ့တဲ့ မိန့်ခွန်းမှာ အိုင်အက်စ်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုး ထည့်မပြောခဲ့ပေမယ့် ကျူးလွန်သူတွေကို ထိထိရောက်ရောက် တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ကြေညာသွားပါတယ်။ တဖက်မှာတော့ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းက ရုရှား နိုင်ငံရေးသမားတွေဟာ ဒီအကြမ်းဖက်မှုကြီးကို ယူကရိန်း ဆန့်ကျင်ရေးအတွက် မရိုးမသား ဝါဒဖြန့်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။
Ref: CNN