ကောလင်းမြို့တွင်း သန့်ရှင်းရေးလုပ်နေပြီဆိုပြီး မိုးမိတ်မြို့ကပုံတွေနဲ့ ပုံမှားရိုက်

မတ် ၊ ၂၃

တော်လှန်ရေးတပ်တွေ လပိုင်းအကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာက စစ်ကောင်စီတပ်တွေပြန်လည်ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့တဲ့ ကောလင်းမြို့မှာ မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်နေပြီဆိုတဲ့ ဖော်ပြ ချက်တခု  လူမှုကွန်ရက်တွေမှာ လတ်တလောပျံ့နှံ့နေပါတယ်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Ko Chit(MDY) ကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက် မှာ “ကောလင်းမြိုတွင်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရ” ဆိုပြီး သန့်ရှင်းရေး ပြုလုပ်နေတဲ့ ဓါတ်ပုံသုံးပုံနဲ့ ရေးသားဖြန့်ဝေထားတာပါ။

အဲဒါကိုပဲ အောင်စစ်သည် ဆိုတဲ့ချန်နယ်အပါအဝင် စစ်တပ်လော်ဘီ တယ်လီဂရမ်တွေ၊ လူမှုကွန်ရက် စာ မျက်နှာတွေကလည်း ထပ်ဆင့်မျှဝေနေကြတာရှိပါတယ်။

ဒီအကြောင်းအရာကို DNA Fact Check Team က စစ်ဆေးကြည့်တဲ့အခါ ဖော်ပြချက်မှာအသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ကောလင်းမြို့က ပုံတွေမဟုတ်ဘဲ မိုးမိတ်မြို့ကပုံတွေနဲ့ ပုံမှားရိုက်ထားတဲ့ သတင်းမှား ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ ကချင် ရှမ်းမြောက်အစပ်က မိုးမိတ်မြို့တို့ဟာ မြေပုံပေါ်မှာ အဖြောင့် တိုင်းရင် မိုင်ရှစ်ဆယ်လောက်ဝေးပါတယ်။ ဧရာဝတီမြစ်ကြားခံနေတဲ့အပြင် ပထဝီအနေအထားတွေ အရ မြေပြင်မှာ ဆိုရင် အခုထက် ပိုကွာဝေးမှာပါ။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုး စစ်ကြောင့် မိုးမိတ်မြို့တွင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မြို့ခံတွေလည်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

 

အဲ့ဒီနောက် ဖေဖော်ဝါရီလအတွင်းမှာတော့ တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားတာကြောင့် ဒေသခံတွေ နေရပ်ပြန်ရောက်လာကြပါတယ်။ ဒီအခါ တိုက်ပွဲတွေဖြစ်ထားသလို  လူသူလည်း ကင်းရှင်းနေခဲ့တာ ကြောင့် ထိခိုက်ပျက်စီးရှုပ်ပွနေတဲ့ မြို့ကို ဒေသခံတွေအရပ်သားတွေကပဲ ပြန်လည်ရှင်းလင်းကြရပါတယ်။

Kachin News Group က သတင်းရေးသားဖော်ပြထားတာ ဒီနေရာမှာ တွေ့နိုင်ပါတယ်။

 

အဲ့ဒီသတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေကိုပဲ စစ်တပ်လော်ဘီတွေက ပြန်ယူသုံးပြီး ကောလင်းမြို့ တွင်းမှာ သန့်ရှင်းရေး လုပ်နေပြီဆိုပြီး  ပုံမှားရိုက်ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။ 

ကျွန်တော် ကောလင်းမှာ နေလာတာ ၂၀ နှစ်ရှိပြီဗျ၊  ကောလင်းမှာ အဲ့လမ်းလည်း မရှိဘူးဗျ …ပြီးတော့ ပလက်ဖောင်းဆိုတာ မရှိပါဘူး၊ အဖြူနဲ့ အနီ အဲတာပဲ ရှိပါတယ်…အဲတာကလည်း ခုနောက်ပိုင်း လုံးဝ မရှိတော့ပါဘူး၊ လမ်းကလည်း ကောလင်းမှာ ခုလို မကောင်းပါဘူး၊ လမ်းမကြီးနဲ့ ဈေးနားဝန်းကျင်ပဲ ကောင်းပါတယ်”လို့ ကောလင်းမြို့ခံတဦးက DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းမှာ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်း မြို့ကို စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလအတွင်း ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး လလယ်လောက်မှာ မြို့ကို ပြန်စိုးမိုးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ စစ်ကောင်စီဘက်က မြို့နဲ့အနီးတဝိုက်ကို အလုံးစုံ စိုးမိုးထိန်းချုပ် နိုင်သွားတဲ့ အခြေအနေမျိုးမရှိသေးဘဲ နေ့စဉ်နီးပါးတိုက်ပွဲတွေ ဆက်ရှိနေပါသေးတယ်။

“သူတို့(စကစ)က လူတွေအမြင်မှာ အကောင်းလို့ပဲ မြင်စေချင်တယ်၊ ကောလင်းက စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ပြီ၊ သူတို့ ပြန်လုပ်လို့ ကောင်းလာပြီလို့ စည်းရုံးတာ”လို့ ကောလင်းမြို့ခံ က DNA ကို ပြောပါတယ်။

ကောလင်းဒေသမြေပြင်အခြေအနေတွေဖော်ပြနေတဲ့ Kawlin Revolution-KR Facebook စာမျက်နှာ ကလည်း “ကောလင်းမြို့တွင်းသန့်ရှင်းရေးလုပ်နေပြီ”ဆိုတဲ့ ဖော်ပြချက်ကိုတုံ့ပြန်ဝေဖန်ထားပြီး အဲ့ဒီ post အောက်မှာပဲ ကောလင်းဒေသခံတွေကပါ ထောက်ပြတဲ့ မှတ်ချက်တွေပေးထားကြတာကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ကာ စိုးမိုးနိုင်သွားတဲ့နောက်  မြို့ပေါ်လူနေရပ်ကွက် တွေကို မီးရှို့ဖျက်ဆီးတာကြောင့် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးခဲ့တယ်လို့ Kawlin Revolution-KR က ရေးသားထားတာကို ဒီမှာ ဖတ်လို့ရပါတယ်။

DNA က ရေးသားထားတဲ့ ကောလင်းဒေသ နောက်ဆုံးရတိုက်ပွဲနဲ့ မြို့အခြေအနေသတင်း ဖော်ပြချက်ကို လည်း ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။