ချင်းမိုင်ရဲ့ ဆွန်ခရန်ပွဲတော် အခုနှစ်မှာ အခမ်းနားဆုံး ဖြစ်လာမယ်လို့ဆို

မတ် ၊ ၂၃

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနှစ် ကျင်းပမယ့် ဆွန်ခရန် ပွဲတော်ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ခမ်းနားမယ်လို့ ဒေသခံ အုပ်ချုပ်ရေး အရာရှိတွေက ပြောပါတယ်။

 ချင်းမိုင်ရဲ့ ဆွန်ခရန် ရေသဘင် ပွဲတော်ဟာ ဒီနှစ်မှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ သန်းဂဏန်းလောက်ကို ဆွဲဆောင်ပြီး ဘတ်ငွေ ၂၀ ဘီလီယံလောက် အကျိုးအမြတ် ရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ချင်းမိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဝီရာပေါင် ရီသရော့ဒ်ကနဲ့ ချင်းမိုင် မြို့တော်ဝန် အက်ဆာနီ ဘူရန်နူပါကွန်တို့က အသီးသီး ပြောကြားခဲ့ပါတယ်။

 ချင်းမိုင်မှာတော့ ရေသဘင် ပွဲတော်ကို ဧပြီလ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ၁၀ ရက် ကျင်းပဖို့ လျာထားပါတယ်။

 ယူနက်စကိုက ထိုင်းနိုင်ငံရဲ့ ဆွန်ခရန် ပွဲတော်ကို လူသားမျိုးနွယ်စုက စောင့်ရှောက်ထိန်းသိမ်းအပ်တဲ့ ယဉ်ကျေးမှု အမွေအနှစ် တခုအဖြစ် သတ်မှတ် ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမှာ ဖြစ်တဲ့အတွက် ချင်းမိုင်မှာလည်း ဘယ်တုန်းကမှနဲ့ မတူအောင် ခမ်းခမ်းနားနား စီစဉ်သွားမယ်လို့ ဝီရာပေါင်က ဆိုပါတယ်။

 စီစဉ်သူတွေက ချင်းမိုင် ဆွန်ခရန်ကို ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးနဲ့ ဖျော်ဖြေရေး အစီအမံတွေ ထူးထူးကဲကဲ ပေါင်းစပ် ပုံဖော်နိုင်အောင် အစွမ်းကုန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 ချင်းမိုင်မှာတော့ ဆွန်ခရန် ကာလအတွင်း ဝင်ရောက်လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ တည်းခိုနိုင်ရေးအတွက် ဟိုတယ်နဲ့ နေရာထိုင်ခင်းတွေလည်း စီစဉ်နေကြပါတယ်။ ဒါ့အပြင် ပွဲတော်ကာလတလျှောက် မြို့လယ် ဧရိယာတွေမှာ လုံခြုံရေး တာဝန်ယူဖို့ ရဲအင်အား ၁၅၀၀ လောက်ကို ဖြန့်ကျက်ထားမှာဖြစ်ပြီး ဒေသတခုလုံး အတိုင်းအတာနဲ့ဆိုရင် ရဲအင်အား ၃၀၀၀ လောက်ကို တာဝန်ပေးသွားမယ်လို့လည်း သိရပါတယ်။

 Ref: Bangkok Post