မတ် ၊ ၂၃
အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဂျာစီ ဒီဇိုင်းသစ်မှာ အင်္ဂလန် အလံရဲ့ အနီရောင် စိန့်ဂျော့ဂျ် ကြက်ခြေခတ်ကို အရောင်တွေ ပြောင်းလဲ ပုံဖော်ထားတာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က ဝေဖန်ခဲ့ပါတယ်။
အင်္ဂလန် အလံဟာ အဖြူရောင် အောက်ခံမှာ စိန့်ဂျော့ဂျ် အနီရောင် ကြက်ခြေခတ်ကို ပုံနှိပ်ထားတာဖြစ်ပြီး Nikeရဲ့ ဂျာစီ ကော်လံမှာတော့ ကြက်ခြေခတ်ရဲ့ ကန့်လန့်ဖြတ် မျဉ်းဒီဇိုင်းကို နက်ပြာ၊ အပြာ၊ ခရမ်းစတဲ့ အရောင်တွေနဲ့ ပုံပြောင်း ဖန်တီးထားပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ အင်္ဂလန်မှာ ဝေဖန်မှုတွေ ချက်ချင်း ထွက်ပေါ်လာပြီး မတ်လ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ် ဆူနက်ခ်ကလည်း အဓိပ္ပါယ်တွေ၊ ဖွင့်ဆိုချက်တွေ ရှိနှင့်နေပြီးသား နိုင်ငံအလံ ဒီဇိုင်းတွေမှာ ရှုပ်ထွေးတာတွေ သွားမလုပ်သင့်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။
အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီ Nikeက ၂၀၂၄ ခုနှစ်၊ ဥရောပ တံခွန်စိုက် ဖလားပြိုင်ပွဲအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ အင်္ဂလန် ဂျာစီမှာ အမြင်ဆန်းသစ်တဲ့ အပြောင်းအလဲတချို့ ထည့်သွင်းထားကြောင်း ပြောပါတယ်။
နောက်ပြီး ၁၉၆၆ ခုနှစ်၊ ကမ္ဘာ့ဖလား ချန်ပီယံ အင်္ဂလန် အသင်း ဝတ်ဆင်ခဲ့တဲ့ လေ့ကျင့်ရေး ဂျာစီ ဒီဇိုင်းကို ပြန်လည် မှီငြမ်းထားတယ်လို့ Nikeက ပြောပေမယ့်လည်း ပြည်တွင်းမှာတော့ အတော်လေး ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။
ကိုယ်တိုင်က ဘောလုံး ဝါသနာအိုး တဦးဖြစ်ပြီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဆောက်သမ်တန် အသင်းကို အားပေးသူ ဝန်ကြီးချုပ် ဆူနက်ခ်က သူ့အနေနဲ့ အင်္ဂလန် ဂျာစီက အလံကို မူလအတိုင်း အနီရောင် စိန့်ဂျော့ဂျ် ကြက်ခြေခတ် ဒီဇိုင်းနဲ့ပဲ မြင်ချင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
နိုင်ငံတော် အလံတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်ကတော့ ခပ်ရိုးရိုးနဲ့ ယေဘုယျ ဆန်နေတာလည်း ဖြစ်နိုင်ကြောင်း၊ နိုင်ငံ အလံတွေနဲ့ ပတ်သက်ရင် ရှုပ်ထွေးတဲ့ ကိစ္စတွေ အပြောင်းအလဲ မလုပ်သင့်ကြောင်း ဆူနက်ခ်က ပြောပါတယ်။
အားကစားရေးရာ ကဏ္ဍကိုပါ တာဝန်ယူရတဲ့ ယဉ်ကျေးမှုဝန်ကြီး လူစီ ဖရေဇာက လက်ရွေးစင်အသင်း ဂျာစီ ဒီဇိုင်းနဲ့ ပတ်သက်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်နဲ့ Nikeဟာ ပရိသတ်တွေရဲ့ အမြင်ကို ဦးစားပေး စဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဝေဖန်သွားပါတယ်။
အစောပိုင်းမှာ Nikeရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးကတော့ အင်္ဂလန် ဘောလုံးဂျာစီ အသစ်ဟာ သမိုင်းကြောင်းနဲ့ ခေတ်သစ် အမြင်တွေကို ပေါင်းစည်း ထင်ဟပ်နိုင်အောင် ပုံဖော်ထားကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ်။
Ref: Sky