မော်စကို ဖျော်ဖြေပွဲ ခန်းမဆောင်တခု အကြမ်းဖက် တိုက်ခိုက်ခံရပြီး လူခြောက်ဆယ်ကျော် သေဆုံး

မတ် ၊ ၂၃

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်က ဖျော်ဖြေပွဲ ခန်းမဆောင် တခုမှာ လက်နက်ကိုင်တွေရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 မတ်လ ၂၂ ရက်နေ့ ညပိုင်းက Crocus City Hall ခန်းမကြီးထဲမှာ ဖျော်ဖြေပွဲတခု မစတင်ခင် ပရိသတ်တွေ စုဝေးနေတဲ့အချိန် ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင် အဖွဲ့တခုက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ခပ်တိုတို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သေနတ်သမားတွေဟာ အဖြူရောင် ကားတစီးနဲ့အတူ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

 အမေရိကန် အစိုးရက အိုင်အက်စ်ရဲ့ ပါကစ္စတန် အခြေစိုက် အဖွဲ့ခွဲတွေဟာ မော်စကိုမှာ ဖျော်ဖြေပွဲတွေ အပါအဝင် လူစည်ကားတဲ့ နေရာတချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရရှိထားပြီး ရုရှားအာဏာပိုင်တွေဆီ ကြိုတင် အသိပေး အကြောင်းကြားထားကြောင်း ထုတ်ပြန်ပါတယ်။ အိုင်အက်စ်တွေဟာ ဆီးရီးယားစစ်ပွဲမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ချိန် ကတည်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် အကြီးအကျယ် ရန်ငြှိုးဖွဲ့ထားတဲ့ အကြမ်းဖက် အင်အားစုတခု ဖြစ်ပါတယ်။

 ရုရှားကို ပိုမိုလုံခြုံလာအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း မာန်ဝင့်ကြွေးကြော်ရင်း လောလောလတ်လတ် ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ပူတင်အတွက်တော့ မော်စကိုမှာ အခုလို သွေးချောင်းစီး အကြမ်းဖက်မှုကြီး ကြုံတွေ့ခဲ့တဲ့ အခြေအနေက ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာစေပါတယ်။

 Crocus City Hallဟာ ဖျော်ဖြေပွဲတွေ ကျင်းပတဲ့ ခန်းမဆောင်အပြင် စူပါမားကက် တခုလည်း ဖွင့်လှစ်ထားပါတယ်။ ဖျော်ဖြေပွဲ ခန်းမဆောင်ထဲမှာ ဧည့်ပရိသတ် ၆၀၀၀ ကျော်ထိ ဝင်ဆံ့နိုင်တယ်လို့ သိရပါတယ်။ Picnic ဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှု မစခင်မှာ လက်နက်ကိုင် စီးနင်းတိုက်ခိုက်မှုကို ကြုံခဲ့ရတာဖြစ်ပြီး အဲဒီအဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

 မော်စကိုက ဆေးရုံတွေဆီ အနည်းဆုံး လူနာပေါင်း ၁၅၀ ဝန်းကျင်လောက် ရောက်ရှိခဲ့တယ်လို့ သိရပြီး အဲဒီထဲက ၆ ဦးလောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ရုရှား မြို့တော်ဝန်ရုံးကတော့ အရေးပေါ် သွေးလက်ခံဌာန တခုကို ဖွင့်လှစ်စေခဲ့ပြီး မော်စကို မြို့ခံတွေ အနေနဲ့ ဒဏ်ရာရထားသူတွေအတွက် ဝိုင်းပြီး သွေးလှူပေးကြဖို့လည်း မေတ္တာ ရပ်ခံခဲ့ပါတယ်။

 အကြမ်းဖက်သမားတွေက သေနတ်တွေနဲ့ ဝှေ့ရမ်းပစ်ခတ်ခဲ့ရုံသာ မကဘဲ ဖောက်ခွဲရေး ပစ္စည်းတွေပါ ပစ်သွင်းခဲ့တာကြောင့် ခန်းမကြီးထဲမှာ မီးလောင်ခဲ့ပြီး ဖျော်ဖြေပွဲရုံရဲ့ အမိုးတွေပါ ပြိုကျခဲ့ပါတယ်။ အဲဒီ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနိုင်သေးတယ်လို့ ကယ်ဆယ်ရေးတွေက ယုံကြည်နေပြီး အသေအပျောက် ဦးရေကလည်း တိုးလာနိုင်ခြေ ရှိပါတယ်။

 ကရင်မလင် နန်းတော်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် သဘောထား ကြေညာချက် မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ပူတင်ဆီ ဆက်တိုက် အစီရင်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 Ref: AP