မတ် ၊ ၂၃
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေဟာ လျင်လျင်မြန်မြန်နဲ့ ခန့်မှန်းရ ခက်လွန်းတဲ့ အခြေအနေမျိုး စဉ်ဆက်မပြတ် ပြောင်းလဲနေပါတယ်။ ဒီအနေအထားက ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် ဦးဆောင်နေတဲ့ ထိုင်းအစိုးရ အနေနဲ့ ပဋိပက္ခတွေထဲ နစ်မွန်းနေတဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတွေ ရေးဆွဲရာမှာ ပြန်လည် ပြင်ဆင် ချိန်ညှိမှုတွေ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။
ကာလရှည်ကြာ အတူယှဉ်တွဲ ရပ်တည်ခဲ့ပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တဲ့တိုင် အိမ်နီးချင်း နိုင်ငံနှစ်ခုကြားမှာ ကွဲပြားတဲ့ ရည်မှန်းချက်မျိုးတွေ ရံဖန်ရံခါ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ရေရှည် ရှင်သန် ရပ်တည်ဖို့အတွက် နှစ်ဦးနှစ်ဖက် လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်တာမျိုးလည်း ဖြစ်နေပြန်တယ်။
အဲဒီအခါ နှစ်နိုင်ငံကြားမှာ ဘုံသဘောတူညီ အဆင်ပြေနိုင်မယ့် ဖြေရှင်းချက်မျိုးကို ရှာဖွေဖို့ လိုလာပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် နယ်ခြားဖြတ်ကျော် မူဝါဒရေးရာ စိန်ခေါ်မှုမျိုးတွေပေါ့။ အဲဒီထဲမှာ တိုင်းရင်းသား မျိုးနွယ်စုတွေကြား ထိတွေ့ ဆက်ဆံမှုတွေ၊ နေရပ်ရွှေ့ပြောင်း ခိုလှုံမှုတွေ၊ လူသားချင်း စာနာမှု ကိစ္စတွေ၊ လက်နက် မှောင်ခိုကိစ္စတွေ၊ ဆိုက်ဘာ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ ပါဝင်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက စစ်မှု မထမ်းမနေရ စနစ်ကို အသက်သွင်းလိုက်ပြီ ဖြစ်တာကြောင့် ထိုင်းအနေနဲ့ မြန်မာဖက်က ရွှေ့ပြောင်း အခြေချသူတွေ အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာနိုင်တဲ့ အလားအလာမျိုးကို လက်တွေ့ ရင်ဆိုင်နေရပါပြီ။
ပြီးခဲ့တဲ့လက အဲဒီ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တဲ့နောက် မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ လူတန်းရှည်ကြီးတွေ ဖြစ်သွားပါတယ်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားစတဲ့ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ သံရုံးတွေမှာလည်း အလားတူပဲ မြန်မာနိုင်ငံသားတွေက ဗီဇာ လျှောက်ထားမှုတွေ ရုတ်တရက် မြင့်တက်လာတာကို ကြုံတွေ့ခဲ့ပါတယ်။
ဆယ်စုနှစ် အဆက်ဆက် ကြာညောင်းတဲ့ထိ မြန်မာဖက်ခြမ်းက ပဋိပက္ခတွေကို တိမ်းရှောင်လာသူတွေနဲ့ တခြား အကြောင်းတရားတွေကြောင့် ထွက်ပြေးလာသူတွေဟာ ရှည်လျားတဲ့ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက် ခိုလှုံမှုတွေ ရှိခဲ့ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားထားမှုအရ မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းထဲမှာ ၁၄ သန်းဟာ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရနိုင်ခြေ သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား အရွယ် အမျိုးသား ၆.၃ သန်းလောက်နဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြားအရွယ် အမျိုးသမီး ၇.၇ သန်းလောက်ဟာ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရနိုင်ခြေ ခြိမ်းခြောက်မှုမျိုး ရှိနေပြီး ငြင်းဆန်သူဟာ ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေက သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလကစပြီး လစဉ် လူငယ် ၅၀၀၀ လောက်ဟာ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရမယ်လို့ ပြောကြားထားပါတယ်။
လူငယ်မျိုးဆက်တွေဟာ စစ်မှုထမ်းဖို့ ဝေးစွ၊ စစ်တပ်နဲ့ အင်မတန် ကင်းကင်းရှင်းရှင်း နေချင်ကြတယ် ဆိုတာကို အားလုံး သိထားပြီးသားပါ။ ဒီတော့ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရတာကို ရှောင်လွှဲဖို့ဆိုရင် ရရာနည်းလမ်းနဲ့ နိုင်ငံကို စွန့်ခွာ ထွက်ပြေးရုံအပြင် မရှိတော့ပါဘူး။
တချိန်တည်းမှာပဲ မြန်မာဖက်က ရွှေ့ပြောင်းသူတွေ တဟုန်ထိုး စိမ့်ဝင်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုးကြားနေကြဖို့ ထိုင်းနယ်စပ်ဒေသ တာဝန်ခံ အရာရှိတွေ တပ်လှန့်ထားပါတယ်။ ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်တလျှောက် ၅၃ ကီလိုမီတာစာ အရှည်လောက်ကလွဲရင် တိတိကျကျ ပိုင်းခြား သတ်မှတ်ထားတာမျိုး မရှိပါဘူး။
ရှည်လျားလှတဲ့ နယ်စပ်တလျှောက်မှာ တရားဝင် နယ်စပ်ဂိတ် ၆ ခုပဲ ဖွင့်လှစ်ထားပါတယ်။ အဲဒီထဲမှာမှာ တက်ခ်ပြည်နယ်က ဖော့ဖရား၊ မယ်ဟောင်ဆောင် ပြည်နယ်က မယ်ဆာရိုင်နဲ့ မွန်မယ်ဟောင်ဆောင် ခရိုင်တွေမှာ အဝင်အထွက် ကိစ္စတွေ အထူထပ်ဆုံး ဖြစ်ပါတယ်။
အရေးကြီးတာက ထိုင်းအာဏာပိုင်တွေ အနေနဲ့ ပြည်တွင်းကို တဖွဲဖွဲ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်း စာနာမှု အခြေခံ စံနှုန်းတွေနဲ့အညီ ထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ ၂၀၂၅-၂၇ ကာလအပိုင်းအခြားအတွက် ထိုင်းဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အဖွဲ့ဝင် နေရာအတွက် လျှောက်ထားဆဲဖြစ်ပြီး အောက်တိုဘာလမှာ ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာပါ။
ထိုင်းရဲ့ လုံခြုံရေးနဲ့ ဆက်နွှယ်တဲ့ အေဂျင်စီတွေက အခုနှစ်အတွင်း အဆိုးဆုံး အခြေအနေအဖြစ် မှန်းဆကြည့်ရင် မြန်မာနိုင်ငံသား ၆၀၀၀၀ ကနေ ၈၀၀၀၀ လောက် ခိုဝင် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ တကယ်လို့ ထိုင်း-မြန်မာ နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုဆိုးလာရင်၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ ပိုမို ယိုယွင်းလာမယ်ဆိုရင် အဲဒီ ခန့်မှန်း ကိန်းဂဏန်းထက် အများကြီး ပိုမြင့်တက်လာနိုင်ပါသေးတယ်။
ထိုင်းဟာ နယ်စပ်တလျှောက်မှာ စုစုပေါင်း လူ ၈၀၀၀၀ လောက် ယာယီ ခိုလှုံနိုင်မယ့် နေရာထိုင်ခင်း ၁၂၃ ခုကို စီစဉ်ထားပါတယ်။ ဒါ့အပြင် လောလောလတ်လတ် တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ် တခုအနေနဲ့ ထိုင်းနဲ့ မြန်မာကြား ညှိနှိုင်း သဘောတူညီမှုအရ မြန်မာဖက်ခြမ်းက စစ်ရှောင် ကျေးရွာတွေမှာ နေထိုင်သူ ၂၀၀၀၀ လောက်ကို လူသားချင်း စာနာမှု အကူအညီတွေ စတင် ပေးအပ်ဖို့ စီစဉ်နေခြင်းပါပဲ။ အဲဒီကိစ္စဟာ မတ်လ ၂၅ ရက်မှာ စတင်လာမှာဖြစ်ပြီး မဲဆောက်နဲ့ မြဝတီတို့ကြား ချိတ်ဆက်ပေးထားရာ ထိုင်း-မြန်မာ အမှတ် ၂ တံတားကနေတဆင့် နိုင်ငံတကာ ကြက်ခြေနီ အသင်းလို အဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center)ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ဘေးသင့် ရွာသူရွာသားတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေမျှမှုမှာ ပွင့်လင်းမြင်သာမှု၊ ယုံကြည် စိတ်ချရမှုနဲ့ ထိရောက်မှန်ကန်မှုတွေ ရှိစေဖို့ စောင့်ကြည့်တဲ့ တာဝန်ကို ယူကြမှာပါ။
လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းတွေ လွှဲအပ်မှု အခမ်းအနားမှာလည်း ဘန်ကောက် အခြေစိုက် အာဆီယံ သံတမန် အသိုက်အဝန်းနဲ့ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကောင် ကစ်တီကွန်တို့လည်း ရှိနေကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်ခုနှစ် လေးခုလောက်အတွင်းကနေ ဒီနေ့ထိ ထိုင်းနိုင်ငံ အနောက်ပိုင်း တက်ခ်၊ ကန်ချန်ဘူရီ၊ ရတ်ချာဘူရီနဲ့ မယ်ဟောင်ဆောင်တို့က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာ ရွှေ့ပြောင်း အခြေချသူ ၈၀၀၀၀ လောက် နေထိုင်ခဲ့ကြပါတယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာ အလှူရှင်တွေဟာ အဲဒီ နှစ်ပေါင်း ၄၀ လောက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ အစီအမံတွေကနေတဆင့် အဲဒီ ဒုက္ခသည်တွေကို အကူအညီတွေ ပေးနေခဲ့ပါတယ်။ အဲဒီ အကူအညီတွေထဲမှာ တတိယ နိုင်ငံတွေဆီ ရွှေ့ပြောင်း အခြေချနိုင်ရေး ဆိုတာတွေလည်း ပါဝင်ခဲ့ပြီး မျက်မှောက်ကာလမှာတော့ အစီအစဉ်တွေ အဆုံးသတ်ကုန်ပါပြီ။
အစိုးရအပေါ် ကျရောက်လာမယ့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ဆိုရင် အဲဒီ ရွှေ့ပြောင်းသူတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ပေမယ့် တခြားသူတွေနည်းတူ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ခွင့်တွေအတွက် သင့်တော်မယ့် အခြေချ နေထိုင်ခွင့် ပုံစံမျိုး တခုခု သတ်မှတ်ပေးသင့်နေပါပြီ။ ဒါဆိုရင် သူတို့ကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေအတွက် တဖက်တလမ်းကနေ အထောက်အပံ့ ပြန်ပေးနိုင်ပါလိမ့်မယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ စုပေါင်းထားတဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ‘အော်ပရေးရှင်း ၁၀၂၇’ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အစပြုခဲ့တဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ တရိပ်ရိပ် ယိုယွင်းပျက်စီးလာနေတာနဲ့ ပတ်သက်လို့ ထိုင်းလုံခြုံရေး အစုအဖွဲ့တွေက မဟာဗျူဟာမြောက် နည်းလမ်းတွေနဲ့ ပြန်လည် သုံးသပ် စဉ်းစားဖို့ လိုအပ်လာပါတယ်။
ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ နီးကပ်ရာ နယ်စပ်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ထိုးနှက်ချက်တွေက ပိုမို ပြင်းထန်လာပါတယ်။ မကွေးတိုင်းနဲ့ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ နောက်ထပ် တိုက်ပွဲတွေကလည်း စစ်အာဏာရှင်ရဲ့ အရှည်တည်တံ့မှု ဘယ်လောက်ထိ ဆက်ရှိမလဲ ဆိုတာကို ဆန်းစစ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တဖက်မှာတော့ ဆရက်သာရဲ့ ထိုင်းအစိုးရဟာ စစ်ကောင်စီ တခုတည်းကို ဦးတည်တာမျိုး မဟုတ်ဘဲ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ် အကျုံးဝင်တဲ့ အစုအဖွဲ့ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးမှုတွေကို ထင်သာမြင်သာ မြှင့်တင်လာပါတယ်။ အဲဒီလိုမျိုး ထိုင်းရဲ့ မူဝါဒရေးရာ ချဉ်းကပ်ပုံ အပြောင်းအလဲတွေဟာ ပြည်တွင်းက ဖြစ်ပျက်ပြောင်းလဲမှုတွေ၊ ဖိအားတွေကို တုံ့ပြန်ထင်ဟပ်နိုင်ဖို့ လိုပါတယ်။
လဆန်းပိုင်းတုန်းက ဆရက်သာဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကဏ္ဍနဲ့ လူသားချင်း စာနာမှု ကဏ္ဍတွေအတွက် တခြားသော ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို တာဝန် ပေးအပ်ခဲ့ပါတယ်။
အပြန်အလှန် ပူးပေါင်းပြီး လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်လာတာက ထိုင်းနဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေ၊ တဖက်မှာ စစ်ကောင်စီနဲ့ မြန်မာ့နိုင်ငံရေး ဆက်စပ် အင်အားစုတွေက အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းမှု ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ရာမှာ တွန်းအား ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အာဆီယံ အပါအဝင် တခြားသော အစုအဖွဲ့တွေနဲ့ ရှေ့လျှောက် ထိတွေ့ ဆက်ဆံမှုတွေမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို စိတ်ဝင်တစား ကျင့်သုံး လုပ်ဆောင်နေပါတယ် ဆိုတာမျိုး စစ်ကောင်စီက ပုံရိပ်ကောင်း ပြသနိုင်ဖို့ အခွင့်အလမ်းလည်း ဖြစ်လာစေနိုင်ပါတယ်။
လတ်တလောမှာတော့ နိုင်ငံတကာနဲ့ ပြည်ပအင်အားစုတွေက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အခြေအနေ ဆိုးသထက် ဆိုးလာခြင်းနဲ့အတူ စေ့စပ်ညှိနှိုင်းရေး ကဏ္ဍကို ပိုမို အားထည့်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ အရပ်စကားနဲ့ ပြောရင်တော့ ချလည်းချ၊ ညှိလည်းညှိ ဆိုတဲ့ သဘောမျိုးပါပဲ။
လောလောဆယ်တော့ ထိုင်းဟာ နိုင်ငံပိုင်နက်ဖက် ကျေးရွာတွေဆီမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို တိုက်ရိုက်ကျကျ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ကိစ္စက အောင်မြင်ခဲ့မယ် ဆိုရင်တော့ မယ်ဟောင်ဆောင်မှာ ပိုမိုကျယ်ပြန့်တဲ့ ဧရိယာတွေထိ ချဲ့ထွင်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေလို ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။
ကွဲပြားတဲ့ အမြင်တွေနဲ့ အယူအဆ ရှုထောင့်တွေ ရှိနေမယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံဟာ စူပါပါဝါကြီးတွေရဲ့ သွယ်ဝိုက်စစ်ပွဲ တခုအသွင် ပြောင်းလဲလာမှာကိုလည်း ဘယ်သူမှ မလိုလားပါဘူး။ ရုရှား-ယူကရိန်း စစ်ပွဲ၊ ဂါဇာ ပဋိပက္ခတွေကို အကြောင်းပြုပြီး အနုတ်လက္ခဏာဆန်တဲ့ ရိုက်ခတ်မှုတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ကြုံနိုင်သလဲ ဆိုတာကို အားလုံးက မျက်မြင် သိထားပြီးပါပြီ။ ဒီအခြေအနေတွေကို တားဆီးချင်တယ်ဆိုရင် ညှိနှိုင်း ဆွေးနွေးမှု ကဏ္ဍမှာ ထဲထဲဝင်ဝင် ပိုအားစိုက်ဖို့ လိုပါတယ်။
ထိုင်းအနေနဲ့ ဆိုရင်တော့ အရင်းအနှီးတွေက ပိုလို့တောင် ကြီးနိုင်ပါတယ်။ မြန်မာ့ ပဋိပက္ခက အရှည်တည်နေသ၍ ထိုင်းရဲ့ နယ်စပ် လုံခြုံရေး ကဏ္ဍဟာ အကြီးအကျယ် ထိခိုက်လာနိုင်ပါတယ်။ နောက်ပြီး စားနပ်ရိက္ခာနဲ့ စွမ်းအင် ဖူလုံရေး ကိစ္စတွေပါ နောက်ဆက်တွဲ သက်ရောက် ထိခိုက်လာနိုင်ပြန်ပါတယ်။ နောက်တခုက ထိုင်းအနေနဲ့ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ထိုင်းနိုင်ငံ ပိုင်နက်ကို ထင်ထင်ပေါ်ပေါ်ဖြစ်စေ၊ လျှို့လျှို့ဝှက်ဝှက်ဖြစ်စေ ဆွဲယူ အသုံးချနေတာမျိုးကို မမြင်ချင်တာ အမှန်ပါပဲ။
(Bangkok Post သတင်းဌာန၏ Myanmar crisis: security and humanity ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)