AA သိမ်းထားတဲ့ မြေပုံမြို့နယ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ သံဃာအပါအ၀င် တဆယ်ကျော် ဒဏ်ရာရ

မတ်၊ ၂၂
 
မြေပုံမြို့နယ် ညောင်ခက္ကန် (ခ) ညောင်ကန်ရွာထဲကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်သံဃာတော်အပါအ၀င် ရွာသားတဆယ်ဦးကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လည် တနာရီ၀န်းကျင်မှာ ညောင်ကန်ရွာထဲနဲ့ အနီး၀န်းကျင်တဝိုက်တွေကို ဂျက်ဖိုက်တာ သုံးစီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးတို့နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ရွာသားတွေက ဆိုပါတယ်။
 
“ဒဏ်ရာရတာ များတယ်၊ ရွာမှာ မီးလည်း လောင်နေတယ်၊ အကုန်လုံးတောင် ဆေးခန်းပို့လို့ မပြီးသေးဘူး၊ အခုမှ ဗုံးခိုကျင်းက ထွက်ကြရတာ၊ အသေးစိတ်တော့ မသိရသေးဘူးနော်” လို့ ညောင်ကန်ရွာသားတဦးက DNA ကို နေ့လည်ပိုင်းမှာ ပြောပါတယ်။
 
နောက်ထပ်ဒေသခံတဦးကတော့ ညောင်ကန်ရွာမှာ ကလေးငယ်တွေအပါအ၀င် ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာပြင်းသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် အမ်းအခြေစိုက်တပ်ရင်းတွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေပြီး ညောင်ကန်နဲ့ အဲဒီအနီးမှာရှိတဲ့ တောင်ပေါက်၊ ကမ်းထောင်းကြီးတို့ဆီလည်း ကျရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုး မရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
 
“ဘာမှ တိုက်ပွဲတွေလည်း မရှိဘူး၊ တပ်တော်ထိန်းချုပ်နေရာဆိုတော့ တပ်တော်ကတော့ ရှိမှာပေါ့၊ ဒါပေမယ့် အခုက ရွာထဲကို ပစ်တာ၊ ရွာထဲမှာ တပ်တော်စခန်းလည်း မရှိဘူး၊ အရပ်သားကို တမင်ပစ်မှတ်ထားတာ” လို့ အမ်းဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က လေကြောင်းဗုံးလာကြဲတဲ့ ညောင်ကန်ရွာဟာ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်မှာ တည်ရှိပြီး အမ်းမြို့ပေါ်နဲ့ မိုင်နှစ်ဆယ်ကျော် ကွာဝေးပါတယ်။
 
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေရှိ လူနေကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံစတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာပါ။
 
မနေ့က မတ်လ ၂၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့လို့ ဆယ်နှစ်အောက်ကလေးငယ်တွေအပါအ၀င် အရပ်သားခြောက်ဦး သေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
 
DNA က ကောက်ယူ၊ ပြုစုထားတဲ့ အချက်အလက်တွေအရ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ ခြောက်ဆယ်နီးပါးနဲ့ ဒဏ်ရာရသူ ၁၅၀ ၀န်းကျင်ရှိပြီ ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေအပြင် တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိတဲ့ မြို့နယ်တွေမှာလည်း အရပ်သား လူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေ လုပ်နေပြီး အရပ်သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေပါတယ်။
 
ရခိုင်ဒေသ တိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
 
ကုလသမဂ္ဂ့ရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကန်ကျေးရွာ မီးလောင်နေစဥ်