ဖယ်ခုံမြို့တိုက်နယ်ဆေးရုံကို စစ်ကောင်စီဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံး

မတ်၊ ၂၂
 
ကရင်နီပြည်(ကယား)၊ ဖယ်ခုံမြို့နယ် လအိတိုက်နယ်ဆေးရုံကို ဒီကနေ့ မတ် ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
“ဆေးရုံအဆောက်အဦပဲ၊ လေယာဉ်နဲ့ လေးလုံးကြဲချသွားတာ” လို့ သူက DNAကိုပြောပါတယ်။
 
ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ လအိတိုက်နယ်ဆေးရုံကို ပေါင် ၅၀၀ ဗုံးနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်ပိုင်းအမျိုးသားနှစ်ဦး သေဆုံးခဲ့တာကို သိရပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ KNDFသတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ဆိုပါတယ်။
 
သေဆုံးခဲ့သူနှစ်ဦးကဆေးရုံဝန်ထမ်းတွေ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
 
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်ရလို့ လအိဆေးရုံမှာ လူနာတွေ မထားရှိဘဲ ဆေးဝါးအသုံးအဆောင်တွေကိုသာ သိုလှောင်ထားတာဖြစ်ပြီး ဝန်ထမ်းအချို့သာ ရှိတယ်လို့လည်း သိရပါတယ်။
 
ဗုံးကြဲခံရမူကြောင့် လအိဆေးရုံမှာ အသုံးပြုတဲ့ ကားတစီးအပြင် အဆောက်အဦတခုလုံးလည်း ထိခိုက်ကြေမွသွားတယ်လို့ ဆိုပါတယ်။
 
လက်ရှိအချိန်မှာ ကရင်နီပြည်တခုလုံးရဲ့ နယ်မြေအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီက ပြည်နယ်မြို့တော် လွိုင်ကော်မြို့ပေါ်မှာသာ ဝိုင်းဝန်းပိတ်ဆို့ခံနေရတာပါ။
 
နယ်မြေများစွာကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီကတော့ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံ ဆေးပေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို အကြောင်းပြချက်မရှိဘဲ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မကြာမကြာ လက်နက်ကြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
ဒီလိုမျိုး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား၊ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးနေရသလို နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။
 
ဒီမော့ဆိုမြို့နယ်အနောက်ဘက် ဒေါစီအိကျေးရွာထဲရှိ စစ်ဘေးရှောင်ကလေးငယ်များ တက်ရောက်နေတဲ့ စာသင်ကျောင်းကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်လေးဦး သေဆုံးကာ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
 
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၉၃၆ ဦး သေဆုံးခဲ့ကာ ၈၇၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Nyan Lynn Thit Analytica အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဘာသာရေးအဆောက်အအုံ ၁၃၇ ခု၊ စာသင်ကျောင်း ၇၆ ခု၊ ဆေးရုံ ၂၈ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – KNDF