မတ် ၊ ၂၁
စစ်ကိုင်းတိုင်း ဒေသကြီးကောလင်းမြို့အနောက်ခြမ်းကို စစ်တပ်က အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာလို့တနေ့ကုန်နီးပါတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့သလို တော်လှန်ရေး ရဲဘော်နှစ်ဦးလည်း ကျဆုံးသွားတယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ကပြောပါတယ်။
ဒီကနေ့ မနက် ၆ နာရီလောက်မှာစတင်ပြီး ကောလင်းမြို့ အနောက်ခြမ်းရှိ ရွာမ ၊ စံတော်သာကုန်း၊ မင်းကုန်း ၊ ဖန်းခါးကုန်း ၊ ကျောက်ကြမ်းတောင်ဖက်ကို လူဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ တိုက်ပွဲကတော့ နေ့တိုင်းနီးပါးဖြစ်နေတာပါဗျ။ အကြီးအသေးဘဲကွာလိမ့်မယ်။ စစ်တပ်ကလည်း နေအိမ်တွေမီးရှို့နေတာ နေစဉ်ပဲ ပြည်သူတွေလည်း ထွက်ပြေးနေရတုန်းပါပဲ “ လို့ ကောလင်းမြို့ ပြည်သူအုပ်ချူပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား နှစ်ရာလောက်ကို ကောလင်းခရိုင် တပ်ရင်း(၂) ၊ ယင်းမာပင် ခရိုင်ပူးပေါင်းတပ်၊ ကန့်ဘလူခရိုင်
တပ်ရင်း(၁)၊ ကောလင်းမြို့နယ် ပကဖ နဲ့ ခရိုင်ပကဖ လက်ရုံးတပ် တွေ ပူးပေါင်းပြီး အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က
အကျအဆုံး များပြီးကောလင်းခရိုင် တပ်ရင်း(၂) မှာ ရဲဘော် နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုထားပေမယ့် အသေးစိပ်အချက်အလက်ကိုတော့မသိရှိရသေးပါဘူး။
စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်မ ၁၁ က ကောလင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးနေသလို မနေ့ကလည်း မြို့အရှေ့ခြမ်းရှိ မြေနီ၊ဆည်တို၊ညောင်ကိုင်း၊တံဇူး နဲ့ကြူတောရွာတွေကို စစ်ကြောင်းထိုးတာတွေလုပ်ခဲ့သေးတယ်လို့ Kawlin Revolution -KR ကဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေအပြင် ခမောက်တောင်၊ ပန်းတင်ရွာ၊ သက္ကယ်ချင်းရွာ ကဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
အခုစစ်ရှောင်နေရတဲ့ ကောလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးကို အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပရောက်စေတနာရှင်တချို့က ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်နေပေမဲ့ စစ်ရှောင်ရတဲ့ကာလ ရှည်ကြာလာတာနဲ့အမျှ လိုအပ်ချက်က ရှိနေဆဲဖြစ် တယ်လို့ ဆိုပါတယ်။
ကောလင်းမြို့နယ်ဟာ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၆ အုပ်စု ကျေးရွာပေါင်း ၂၀၂ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦး ရေ တသိန်းခွဲကျော်ရှိတဲ့ ခရိုင်ရုံးစိုက်ရာမြို့နယ်တခု ဖြစ်ပါတယ်။
တကျော့ပြန်ဖြစ်ခဲ့တဲ့ ကောလင်းနယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေသလို စစ်အုပ်စု တပ်စွဲအခြေချရာနေရာတွေကလွဲလို့ မြို့ပေါ်ဧရိယာ ၈၀ ရာခိုင်နှုန်း ကျော်လောက်မီးလောင်ပျက်စီးသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။
တိုက်ပွဲခြေနေတွေကို သိရဖို့အတွက် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲတွေကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
တော်လှန်ရေးအဖွဲ့တွေ သုံးလနီးပါးထိန်းချူပ်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်တပ်က အခုအချိန်အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပါတယ်။