ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သား သုံးဦးထပ်မံ သေဆုံး

မတ် ၊ ၂၁

ကလေးမြို့နယ်ပျဉ်းခုံလေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို အရပ်သားသုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဖက်နဲ့ မြောက်ဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ကလေးမြို့အခြေစိုက်အမြောက်တပ်ကနေ မနေ့က မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ မြို့  မြောက်ဖက်ရှိပျဉ်းခုံလေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အသက် ၃၀ နဲ့ ၅၀ အရွယ်ကြား အမျိုးသား သုံးဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

!!လက်နက်ကြီး သူတို့နေတဲ့အိမ်

အနားမှာကျပေါက်ကွဲလို့ အမျိုးသားသုံးဦး နေရာမှာတင်သေဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေသေးတယ်။ အခုဆုံးတဲ့သူတွေကလည်း တိုက်ပွဲမရှောင်နိုင်ဘဲ အိမ်မှာကျန်ခဲ့တဲ့သူတွေပါ  !!လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။

ဒါ့အပြင်ဒေသခံ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီထဲမှာ အသက် ဆယ်နှစ်အရွယ် ကလေးငယ် တဦးလည်း ပါ၀င်တယ်လို့ သူကဆက်ပြောပါတယ်။

ပျဉ်းခုံလေးရွာအနီးတဝိုက်မှာ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်မှာ ရှိနေတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ကူပေးနေတဲ့အတွက် ဒီလ ၁၆ ရက်နေ့ကလည်း ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲခဲ့လို့ အရပ်သား သုံးဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ကလေးမြို့မြောက်ပိုင်းရှိ စစ်တပ်အထိုင်ချထားတဲ့ ကျောင်းတိုက်ရွာကို တော်လှန်ရေးတပ်တွေက ဒီလအလယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဖက်က အထိအခိုက် အသေဆုံးများခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ ကဓာတ်ပုံနဲ့ တကွထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်တပ်က ကျောင်းတိုက်ရွာနဲ့ မိုင် နှစ်ဆယ်လောက်သာ ဝေးတဲ့ ပျဉ်းခုံလေးရွာကို အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်နိုင်ဖို့အတွက် စစ်ကြောင်းထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာလို့ အထက်ပါ ဒေသခံကဆိုပါတယ်။

!!ဒီလ ၁၉ ရက်နေ့ကတည်းက ရွာဖက်ကို စစ်ကြောင်းထိုး၀င်လာတော့ အိမ်တွေလည်း မီးရှို့ခံထားရတယ် နှစ်ရက်ရှိပြီး အရေအတွက်ကတော့ နှစ်ရာကျော်လောက်တယ်လို့တော့ ခန့်မှန်းထားတယ် အတိအကျတော့ မသိရသေးဘူး အားလုံးကလည်း ထွက်ပြေးနေရတယ် !! လို့ သူကဆိုပါတယ်။

ကလေးမြို့တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ တပ်ရင်း ၊ တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်တလော ရှေ့တန်းရောက်နေပြီး တိုက်ပွဲဖြစ်နေသေးတဲ့အတွက် အသေးစိပ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကလေးမြို့အနီးက တိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေ နေ့စဉ်ဆိုသလို သေဆုံးမှုတွေရှိနေပါတယ်။

အလားတူပဲ ကလေးမြို့ပေါ်မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုစောင်းတာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြို့ရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်က နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့အတွက် မြို့အတွင်းမှာ လူအသွားအလာ နည်းပါးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။