ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁

ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ ရက် မနက် ရှစ်နာရီဝန်းကျင်မှာ မြောက်ဦးမြို့နယ်အထက်ပိုင်းမှာရှိတဲ့ အထက်လေညှင်းတောင်ရွာထဲကို ဂျက်တိုက် လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာလို့ ရွာသားတွေက ဆိုပါတယ်။

“ရွာထဲကို ဂျက်နဲ့လာပစ်သွားတာပါ၊ အကျယ်ကြီးနှစ်လုံးကြားလိုက်တယ်၊ ခြောက်ယောက် တခါတည်းသေတယ်၊ ဒဏ်ရာတွေလည်း များကြတယ်” လို့ မြောက်ဦးဒေသခံတဦးက DNA ကို ပြောပါတယ်။

အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်လေးဦး လောက်ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာလည်းစိုးရိမ်ရတဲ့သူ နှစ်ဦး ရှိနေတယ်လို့ သူက ဆိုပါတယ်။ ကလေးငယ်၊ အမျိုးသမီးတွေ ထိခိုက်၊ သေဆုံးတဲ့အပြင် ရွာထဲရှိ နေအိမ်အချို့လည်း ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA က သိမ်းပိုက်ထားတဲ့မြို့နယ်တွေရှိ လူနေကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံစတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။

မတ်လ ၂၀ ရက်နေ့ကလည်း AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏာကျွန်းမြို့နယ် စပါးထားရွာထဲကို စစ်တွေအခြေစိုက်စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ် သာဒါ(ရိုဟင်ဂျာ)ရွာထဲကို ဗုံးကြဲလို့  ရိုဟင်ဂျာ ၂၂ ဦး သေပြီး၊ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲမှာ လသားအရွယ်အပါအ၀င် ကလေးငယ် ၂၂ ဦး ပါ၀င်ပါတယ်။

မတ်လ မတ်လ ၁၇ နေ့ကလည်း မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y12 ထောက်ပို့လေယာဉ်တို့နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သား တဦးသေပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီလိုစစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်မှုတွေကြောင့် မတ်လ ၁၅ ရက်ကနေ ဒီနေ့အထိ တပတ်အတွင်း အရပ်သား သေဆုံးရသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိပြီလို့ DNA က ဒေသခံတွေကို မေးမြန်းပြုစုထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

အဲဒီတပတ်အတွင်းသေဆုံး၊ ဒဏ်ရာရသူတွေဟာ AA သိမ်းပိုက်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်တို့အတွင်းမှဖြစ်ပြီး သေဆုံးရသူတွေထဲမှာ ကလေးငယ်အများဆုံးပါဝင်ကာ အမျိုးသမီးနဲ့ သက်ကြီးအမျိုးသားတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်နေ့စဉ်တိုက်ခိုက်သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ AA က မနေ့ကထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုပါတယ်။

ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ လူမှုဘ၀လုံခြုံမှုကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေနဲ့ ပြည်သူတွေအပေါ် နေ့စဉ်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေဟာ နိုင်ငံအနှံ့ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ မရိုးနိုင်သောလုပ်ရပ်တွေဖြစ်ပြီး လွန်စွာသိက္ခာမဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ AA က ဝေဖန်ပါတယ်။

ရခိုင်ဒေသတိုက်ပွဲတွေအတွင်း မြို့တွေတမြို့ပြီးတမြို့လက်လွှတ်နေရတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပြည်သူလို့ မမြင်တော့ဘဲ ရန်သူလို သဘောထားနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်တိုက်ခိုက်မှုအန္တရယ်အတွက် သတိထားကြဖို့လိုတယ်လို့ သတိပေးကြပါတယ်။

“ပြည်သူကို ပြည်သူလို့မမြင်တဲ့အဖွဲ့အစည်းကတော့ တောက်လျောက်ဒုက္ခပေးနေအုံးမှာပဲ၊ ပြည်သူတွေအနေနဲ့ သတိထားဖို့လိုတယ်”လို့ ရခိုင်ဒေသခံလူမှုရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

AA ကလည်း စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်တာတွေရှောင်ကြည်ဖို့နဲ့ စစ်ရေးသတိရှိကြဖို့ မကြာခဏတိုက်တွန်းအသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေအပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိတဲ့မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေလုပ်နေပြီး အရပ်သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေတာပါ။

ရခိုင်ဒေသတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ့ရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။