ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို AA စတင်သိမ်းပိုက်

မတ် ၂၀

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုသိမ်းပိုက်ထားပြီးတဲ့ ရခိုင့် တပ်တော် AA ဟာ  ဘူးသီးတောင်မြို့နယ် တောင်ဘဇားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၅၂ ကို မနေ့က သိမ်းပိုက် လိုက်ပြီလို့ စစ်ရေးနဲ့နီးစပ်တဲ့ ဒေသခံတွေဆီကသိရပါတယ်။

“မနေ့ကတည်းက အကုန်ရသွားပြီပေါ့၊ ကျန်တဲ့ကောင်တွေလည်း ဘူးသီးတောင်(မြို့)ဘက်ကို ထွက်ပြေးသွားကြပြီ ပြောတယ်”လို့ ဘူးသီးတောင်ဒေသခံတဦးက DNAကိုပြောပါတယ်။

ရခိုင့်တပ်တော်AA ဟာ ဘူးသီးတောင်မှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ ၁၅) လက် အောက်ခံ ၅၅၂ တပ်ရင်းကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တပတ်နီးပါးအကြာမှာ သိမ်းနိုင်ခဲ့တာပါ။

အဲဒီတပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဘက်ဆီ ထွက်ပြေးသွားခဲ့ တာဖြစ်ပြီး ရာဂဏန်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင့်တပ်တော်AAကတော့ အဲဒီ ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဆိုတာနဲ့ ပက်သက်လို့ အတည်ပြုထုတ်ပြန် တာမရှိသေးပါဘူး။

AA ရဲ့ မတ်လ ၁၇ ရက် စစ်ရေးသတင်းထုတ်ချက်ထဲမှာတော့ ခမရ ၅၅၂ တပ်ရင်းကိုအပြီးသတ်သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေတယ်လို့ ဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ဘဇားမှာ ခမရ ၅၅၂ တပ်ရင်းအပြင် စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းလည်း အခြေချထားပြီး အဲဒီနယ်ခြားစောင့်စခန်းက တပ်ဖွဲ့၀င်တွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက AAဆီ လက်နက်ချခဲ့ကြတယ်လို့ ဒေသခံတွေက DNA ကို ပြောထားပါတယ်။

ဒါ့ကြောင့် လက်ရှိ တောင်ဘဇား၀န်းကျင်မှာ စစ်ကောင်စီလက်အောက်ခံတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။

ချင်းပြည်နယ် ပလက်၀အပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ မြို့နယ် ကိုးခုကို သိမ်းပိုက်ထားတဲ့ AA ဟာ ပြည်နယ်မြောက်ပိုင်းက လက်ကျန် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကိုလည်း သိမ်းယူနိုင်ဖို့ ဆက် လက်ထိုးစစ်ဆင်နေတာပါ။

ဘူးသီးတောင်မြို့နယ်မှာ စကခ ၁၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ရှစ်ရင်း (ခမရ ၃၄၅၊ ၃၅၂၊၃၅၃၊၅၃၅၊၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅)နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) လက်အောက်ခံ ခြေလျင်တပ်ရင်း သုံးရင်း(ခလရ ၂၃၃၊  ၂၃၄၊  ၂၆၃) တို့ အခြေစိုက်ထားပါတယ်။