ခွဲထွက်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး ရုရှား သံအရာရှိကို မော်လ်ဒိုဗာ နှင်ထုတ်

မတ်၊ ၂၀

ခွဲထွက်ရေး ကြေညာထားရာ နယ်မြေမှာ ရုရှားက ရွေးကောက်ပွဲ ထည့်သွင်း ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ရုရှား သံအရာရှိ တဦးကို မော်လ်ဒိုဗာ အစိုးရက နှင်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပတဲ့ ရုရှား ရွေးကောက်ပွဲမှာ မော်လ်ဒိုဗာရဲ့ ခွဲထွက်နယ်မြေ တခုဖြစ်တဲ့ ထရန်စ်နစ်စထရီရာမှာ မဲရုံတွေ ဖွင့်လှစ် ထားရှိခဲ့တာ ဖြစ်ပါတယ်။

မော်လ်ဒိုဗာမှာ အနောက်ဖက်ယိမ်းတဲ့ အစိုးရ အာဏာရနေပြီး ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ပြုမှုကို အစဉ်တစိုက် ဆန့်ကျင်ရပ်တည်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေးက ဆက်တိုက် ဆိုးရွား ကျဆင်းလာနေပါတယ်။ 

ရုရှားက ရွေးကောက်ပွဲ ကလအတွင်း ထရန်စ်နစ်စထရီရာမှာ မဲရုံ ၆ ခုဖွင့်ခဲ့တဲ့ ကိစ္စအပေါ် မော်လ်ဒိုဗာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ် အိုလက်ဂ် ဗက်စ်နက်ဆော့ဗ်ကို ဆင့်ခေါ်ပြီး ကန့်ကွက် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ကိစ္စမှာ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့သူ အမည်မဖော်တဲ့ ရုရှား သံအရာရှိ တဦးကို နှင်ထုတ်တဲ့ ဆုံးဖြတ်ချက်ကိုပါ ဗက်စ်နက်ဆော့ဗ်ဆီ မော်လ်ဒိုဗာဖက်က တပါတည်း အသိပေးခဲ့ပါတယ်။

ရုရှား သံအမတ်ကလည်း အခုလို သံအရာရှိတဦး နယ်နှင်ခံရတာဟာ မတရားဘူးလို့ ကန့်ကွက်ပြီး ရုရှားဖက်ကလည်း သင့်တော်သလို တုံ့ပြန်ရလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း ရုရှား သတင်းဌာန Tassက ဖော်ပြခဲ့ပါတယ်။

ထရန်စ်နစ်စထရီရာကို ရုရှားလိုလားတဲ့ ခွဲထွက်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေတုန်းက တိုတောင်းတဲ့ စစ်ပွဲတခုအပြီး အဲဒီ နယ်မြေက ခွဲထွက်ရပ်တည်ကြောင်း ကြေညာခဲ့တာပါ။ ရုရှားအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက အဲဒီခွဲထွက်မှုကို တရားဝင် အသိအမှတ် မပြုခဲ့ပေမယ့် ရုရှားဟာ ထရန်စ်နစ်စထရီရာနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို အဲဒီဒေသမှာ စစ်အင်အား ၁၅၀၀ လောက် ဖြန့်ကျက်ထားပြီး ဆိုဗီယက်ခေတ်လက်ကျန် စစ်လက်နက်နဲ့ ခဲယမ်းတွေကို စောင့်ကြပ် လုံခြုံရေး ယူထားတယ်လို့ သိရပါတယ်။

 

Ref: AP