စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့အဝင် ကားလမ်းမကြီးကို စစ်ကောင်စီ ဖျက်ဆီး

မတ်၊ ၂၀
 
ရခိုင်ပြည်နယ်တောင်ပိုင်း ခရိုင်မြို့ကြီးတခုဖြစ်တဲ့ တောင်ကုတ်မြို့ထဲ အဝင်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေနဲ့ တူးဖြို၊ ဖျက်ဆီးလိုက်တာကြောင့် ကား၊ ဆိုင်ကယ်တွေ သွားလာဝင်ထွက်လို့ မရတော့ဘဲ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ဘက်ဟိုးကြီးတစီးနဲ့ ဖျက်ပစ်တာ၊ လမ်းကို တူးပစ်မယ်၊ လမ်းပေါ်မှာ မြေကြီးတွေလည်း အမြင့်ကြီး ပုံပစ်တယ်၊ တခုမှ သွားလို့မရတော့ဘူး၊ လူတောင် လမ်းလျှောက်ဖို့ ခက်သွားပြီ၊ မနေ့က ဟင်းရောင်းစျေးဝယ် မြို့ကိုလာကြတာ ဝင်လို့ တောင်မရခဲ့ဘူး” လို့ ကိုယ်တိုင်မြင်ခဲ့ရသူတဦးက DNA ကို ပြောပါတယ်။
 
အဲဒီလမ်းမကြီးကို စစ်ကောင်စီရဲ့တောင်ကုတ်အခြေစိုက် ခမရ (၅၄၄) တပ်ရင်းက တပ်သားတွေကိုယ်တိုင် မတ်လ ၁၉ ရက် မနေ့ကမနက်ပိုင်းမှာ ဘက်ဟိုးတစီးနဲ့ တူးဖျက်ခဲ့တာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
 
အခုဖျက်ဆီးခံလိုက်ရတဲ့ လမ်းနေရာဟာ အမ်းမြို့နယ်၊ မအီမြို့ဖက်ကနေ တောင်ကုတ်မြို့တွင်းကိုအဝင် တောင်ကုတ်တက္ကသိုလ် နဲ့ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း ကြားနေရာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
 
အဲဒီလိုလမ်းကို ဖျက်ဆီးလိုက်တာကြောင့် တောင်ကုတ်မြို့နယ်အတွင်းက စျေးသွား၊ စျေးဝယ်ပြည်သူတွေမှာ သွားလာရ ခက်ခဲရသွားတယ်လို့ ပြောကြပါတယ်။
 
တောင်ကုတ်နဲ့ မအီမြို့ကြား ကားလမ်းမတလျှောက်မှာ ကျေးရွာ နှစ်ဆယ်ဝန်းကျင်ရှိပြီး အဲဒီရွာတွေဟာ ကုန်စည်၊ ဆေးဝါးနဲ့ ကျန်းမာရေးအတွက် တောင်ကုတ်မြို့ကို အားကိုးနေကြရတာပါ။
 
“AA က ဝင်တိုက်မှာကြောက်လို့ လုပ်တာထက် ပြည်သူကို ဒုက္ခပေးချင်လို့ လုပ်တာ၊ AA က ကားလမ်းအတိုင်း ကားကြီးတွေနဲ့ ဝင်လာပ့ါမလား၊ လူတွေပဲ ဒုက္ခရောက်တာ၊ အရေးပေါ် ဆေးခန်းသွားရမယ်ဆို သွားမရတော့ဘူး” လို့ တောင်ကုတ် မြို့နယ်ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေ စကတည်းက ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပြီး တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာလအတွင်းမှာပဲ တောင်ကုတ်မြို့အဝင် ချောင်းကူးတံတားသုံးစင်းကို ဖျက်ဆီးခဲ့ပါတယ်။
 
ဒါ့အပြင် တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်၊ ဘုရားကိုးဆူတောင်၊ ဇီးကိုင်းတောင်တို့အပါအဝင် မြို့ပတ်လည်ရှိ ကုန်းမြင့်နေရာတွေမှာလည်း တပ်စခန်းသစ်တွေ တိုးချထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ ၅)၊ ခမရ (၅၄၄) တပ်ရင်းနဲ့ ခမရ (၃၄၆) တပ်ရင်းတို့ အခြေစိုက်ထားပါတယ်။
 
အဲဒီတပ်ရင်းတွေဟာ တောင်ကုတ်မြို့ကနေ သံတွဲမြို့ဖက်သို့အထွက်မှာ တည်ရှိပြီး အဲဒီကနေ ခုနှစ်မိုင်ဝန်းကျင်အကွာ တောင်ကုတ်-သံတွဲ မြို့နယ်အစပ်နေရာတွေမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ မကြာခဏရှိနေပါတယ်။
 
ဒါ့အပြင် တောင်ကုတ်မြို့နဲ့ မိုင်သုံးဆယ်ကျော်အကွာ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ မအီမြို့ကိုလည်း AA က သိမ်းပိုက်ထားပါတယ်။
 
အဲဒီလိုအခြေအနေမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ခရိုင်မြို့ကြီး တောင်ကုတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် အခုလို လမ်းတွေဖျက်ဆီးတာ၊ စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေတာလို့ ဒေသခံတွေ သုံးသပ်ပါတယ်။
 
တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ AA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသေးပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွာမနဲ့ လမူးနယ်‌မြေရဲစခန်းတို့ကိုတော့ AA က သိမ်းပိုက်ထားပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာလည်း အမ်းမြို့နယ် မအီမြို့ကို စွန့်ခွာကာ မြို့အဝင် မအီတံတားနဲ့ မအီ-ကျောက်ဖြူ ကားလမ်းပေါ်ရှိ ကျောက်ကြီးပေါက်တံတား တို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
 
ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့တွင်းသို့အဝင် ကားလမ်လေးခုနဲ့ အဲဒီလမ်းတွေပေါ်ရှိ တံတား သုံးစင်းထက်မနည်းကိုလည်း အခုမတ်လ ပထမပတ်က ဖျက်ဆီးခဲ့ပါသေးတယ်။
 
အလားတူပဲ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏာကျွန်း မြို့နယ်အစပ်ရှိ မင်းချောင်းတံတား၊ မောင်တောမြို့အဝင်ကားလမ်းမတွေကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးထားပါတယ်။
 
ပြီးခဲ့တဲ့၂၀၂၃ နိုဝင်ဘာ ၁၃ မှာစခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲ လေးလကျော်အတွင်း ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်ရှစ်ခုကို AA က သိမ်းပိုက်ထားပြီး မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – Google