တန့်ဆည်မြောက်ခြမ်း ကျေးရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံနေရ၊ အမျိုးသမီးတဦးသေဆုံး

မတ် ၊ ၁၉
 
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် မြောက်ခြမ်းက မြောက်အင်းကျေးရွာကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ၀င်ရောက်ကာ မီးရှို့တာကြောင့် နေအိမ်သုံးဆယ်ကျော် ပျက်စီးသွားသလို အသက်ငါးဆယ်အရွယ် အမျိုးသမီးတဦးလည်း မီးရှို့ခံရချိန်မှာ ပိတ်မိပြီး မီးခိုးမွှန်ကာ အသက်ရှုကျပ် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မြောက်အင်းကျေးရွာနဲ့ မိုင်အနည်းငယ်အကွာ မူးမြစ် အနောက်ဘက်ကမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်စွဲထားတဲ့ ပျူစောထီးကျေးရွာတချို့ရှိပြီး မနေ့က မနက်ပိုင်းမှာတော့ ကျွန်းလည်ရွာက စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၅၀ လောက်က စစ်ကြောင်းထိုးလာခဲ့တာပါ။
 
“မနေ့က မူးခွတံတားဖွင့်ပွဲရှိတော့ အဲဒါကို လုံခြုံရေးအကြောင်းပြပြီး ခွေးတွေက ဒီဘက်၀င်လာတာပေါ့၊ မနေ့က မီးရှို့တယ် ဒီကနေ့တော့ အဲနားမှာ စစ်ကြောင်းဆက်ထိုးနေသေးတယ်၊ သေသွားတဲ့ အမျိုးသမီးက မပြေးနိုင်တော့တာ၊ ရောဂါသည် လို့ပြောတယ် မီးခိုးတွေကြောင့်အသက်ရှုကျပ်ဆုံးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းက မီးရှို့တာကြောင့် မြောက်အင်းရွာထဲက နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
 
စစ်အုပ်စုကမနေ့က ညပိုင်းမှာ ပျူစောထီးရွာတခုဖြစ်တဲ့ နားဋောင်းကျရွာမှာ တညအိပ်ခဲ့ပြီး ဒီကနေ့မှာ အနီး၀န်းကျင်ရှိ ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးနေတာကြောင့် သက္ကယ်တန်း၊ အိုသယ်၊ သာယာကုန်း စတဲ့ကျေးရွာငါးရွာလောက်က ဒေသခံ ငါးထောင်နီးပါး စစ်ဘေးရှောင်နေကြရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
 
“တကယ်တော့ အဲဒီရွာတွေဘက်က ပျူစောထီးအားကောင်းတဲ့ အပိုင်းတွေပေါ့၊ တံတားဖွင့်ပွဲလာရင်း စစ်ကြောင်းထိုးနေတယ်ထင်ပါတယ်၊ ဒေသခံတွေကတော့ လတ်တလော ရွာမပြန်ကြသေးဘူး စစ်တပ်ကလည်းရှိနေသေးတာဆိုတော့” လို့ သူကပြောပါတယ်။
 
အလားတူဒီလ ၁၇ ရက်ကလည်း တန့်ဆည်မြိုကနယ် အနောက်ခြမ်းရှိ အင်းရွာကို စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသားတဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။
 
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ အသက်ခြောက်ဆယ်အရွယ် ဦးထွန်းဝေဆိုသူဖြစ်ကာ ဒဏ်ရာရသူတွေထဲမှာ သံဃာတပါးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရွာဘုန်းကြီးကျောင်း အဆောက်အဦးတချို့နဲ့ ပြည်သူပိုင်နေအိမ် ငါးလုံးထက်မနည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။
 
“အဲဒီဘက်မှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာမျိုး မရှိဘူး၊ အဲဒါကို အကြောင်းမဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာပေါ့နော်၊ သိရသလောက်တော့ ဒေသခံတွေလည်း ကြောက်နေကြသေးတော့ တချို့ရွာထဲ မနေရဲတော့ဘူးလို့ ပြောတယ်” လို့ သူက ဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကတော့ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး တန်ဆည်-ကလေးဝ လမ်းပေါ်က ကံထူးမနဘ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
 
ဒါပေမယ့် ဒီတိုက်ပွဲအတွင်း စစ်ကောင်စီက စစ်ကူအင်အား အလုံးအရင်း ထပ်ပို့ခဲ့တာကြောင့် နောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ရပြီး စစ်ကောင်စီက နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးတာမျိုးတွေ လုပ်ခဲ့ပါတယ်။
 
ကံထူးမရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိသလို လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
 
လက်ရှိမှာတော့ ကံထူးမ နယ်မြေရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မလုပ်တော့တဲ့အတွက် ဒေသခံတွေ နေရပ်ကို ပြန်လည်နေထိုင်ကြပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – Taze News
ပုံစာ – ဗုံးကြဲခံရမှုကြောင့် ထိခိုက်ခဲ့တဲ့ အဆောက်အဦတချို့နဲ့ စစ်ကြောင်းထိုးခံခဲ့ရတဲ့ မြောက်အင်းရွာ