မွန်က အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းဖို့ သတ်မှတ်အင်အား မရှာပေးနိုင်ရင် မိသားစုဝင်တွေကို စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ဖိအားပေးထားတယ်လို့ဆို

မတ်၊ ၁၇
 
စစ်မှုထမ်းဖို့အတွက် သတ်မှတ်လူအင်အား မရှာပေးနိုင်ရင် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့မိသားစုဝင်တွေကို စစ်မှုထမ်းခိုင်းမယ်ဆိုပြီး စစ်ကောင်စီက တပ်သားအသစ်တွေရဖို့ ဖိအားပေးစုဆောင်းခိုင်းနေတယ်လို့ မွန်ပြည်နယ်ထဲက ရပ်ကျေးအုပ် ချုပ်ရေးမှူးတချို့က DNAကိုပြောပါတယ်။
 
“အခုကိုယ်ပေးထားတဲ့စာရင်းမှာ လူမရှိဘူးလား၊ ဘယ်ရောက်သွားတာလဲ မရှိရင်တော့ မိသားစုမှာ အသက်ပြည့်ရင်တော့ အစားထိုးရမှာဆိုပြီး ပြောတာတော့ ရှိတယ်။ ဒါက ခင်ဗျားတာဝန်ပဲလေ၊ မရှိရင် အစကတည်းက မထည့်ထားဖို့ လိုတာပေါ့” လို့ ကျိုက်မရောမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
 
မွန်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ လူဦးရေအလိုက် စစ်မှုထမ်းဖို့ အနည်းဆုံး လူနှစ်ဦးကနေ နှစ်ဆယ်အထိ စုဆောင်းပေးရမယ်ဆိုပြီး သတ်မှတ်ထားတာလို့ စုံစမ်းသိရှိရပါတယ်။
 
“လူမရှိတာက မတတ်နိုင်ဘူး၊ အတင်းဖိအားပေးခံရနေတဲ့ အတိုင်းပဲ၊ လူငယ်တွေကလည်း ထွက်ပြေးကုန်ကြပြီ၊ ကျွန်တော်တို့လည်း လူငယ်တွေလို လမ်းပျောက်နေတာ” လို့ ပေါင်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးကလည်း ပြောပါတယ်။
 
ဒီလိုသတ်မှတ်ထားတဲ့အတိုင်း သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်သူတွေထဲကနေ စစ်မှုထမ်းဖို့ ခေါ်ရမယ့်သူအဖြစ် ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူတွေက မြို့နယ်ကို စာရင်းတွေပြန်လည်ပေးပို့ကြပါတယ်။ ဒါပေမယ့် လက်တွေမှာ အဲဒီစာရင်းထဲကအတိုင်း ရပ်ကွက်ကျေးရွာတွေမှာ လူငယ်တွေ ရှိမနေကြဘူးလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
 
“ကိုယ့်ရပ်ကွက်အလိုက်ကို စာရင်းတွေ ပြုစုပြီးရင်တော့ အဲဒီစာရင်းကို ထွေအုပ်ကိုပေးဖို့ ပြောတာပေါ့၊ ခက်တာက ရှိတဲ့လူစာရင်းတော့ ပေးလိုက်တယ်၊ မြေပြင်မှာက အဲဒီလူဦးရေအတိုင်း မရှိနေဘူး၊ အဲဒါက ပြဿနာဖြစ်နေတာ” လို့ ဘီးလင်းမြို့နယ်က အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
 
လာမဲ့ ဧပြီလ သင်္ကြန်ပြီးရင် စစ်မှုထမ်းကိစ္စ အကောင်အထည်မယ်လို့ စစ်ကောင်စီက ပြောဆိုပြီးနောက် တိုင်းပြည်နယ်ခရိုင်မြို့နယ်ရပ်ကျေးအဆင့်ထိ စစ်မှုထမ်းဆင့်ခေါ်ရေးနိုင်ဖို့ စာရင်းကောက်ယူတာတွေကို စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
“သတ်မှတ်ထားတဲ့ ဦးရေအတိုင်းတော့ ပြည့်တယ်၊ စာရင်းပေးထားပြီးတော့မှ လူငယ်တွေက မရှိတော့ဘူး၊ ကျွန်တော်တို့တော့ တင်ပြတာပေါ့၊ အဲဒီတော့ နောက်ထပ်လူရှာထည့်ခိုင်းတာ၊ မရရတဲ့သူကို ပေးရမဲ့သဘော ဖြစ်နေတာ၊ ဖိအားပေးတာပေါ့” လို့ ကျိုက်မရောမြို့နယ်က အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
 
ဒီလိုမျိုး ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအဝင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကလည်း အလုပ်ကနေ နုတ်ထွက်ကြသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
ဒါပေမဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို နှုတ်ထွက်ခွင့်ပြုပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုတော့ အကြောင်းပြချက်အမျိုးမျိုးပေးကာ နှုတ်ထွက်ခွင့် မပေးကြဘူးလို့ ဆိုပါတယ်။
 
“အဲဒီဥပဒေထွက်လာကတည်းက နှုတ်ထွက်ဖို့ ပြောထားတာ၊ စာလည်း တင်ထားတယ်၊ အခု ဒီလို ရုတ်တရက်ကြီးဖြစ်လာတော့ အခြေအနေက မကောင်းတော့ဘူးလေ၊ မြင်တဲ့အတိုင်းပဲ ရုံးသွားပြီး ထပ်ပြောတယ်၊ အခုချိန်မှာ ထွက်လို့မရသေးဘူး၊ သူတို့ပြောတာပေါ့၊ အကြောင်းပြချက်တွေတော့ အမျိုးမျိုးပဲ” လို့ ဘီးလင်းမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
 
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ဖိအားပေးခံရတာတွေကြောင့် ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ ဘယ်လောက် နှုတ်ထွက်စာတင်တယ်ဆိုတာကို တိတိကျကျ မသိရပေမယ့် DNA က အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဆယ်ထက်မနည်း နှုတ်ထွက်စာ တင်ထားပါတယ်။
 
အခုလိုမျိုး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖိအားပေးနေတာနဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရောက်နေတာကြောင့် ဖြေပေးဖို့ အဆင်ပြေသေးဘူးလို့ တုံ့ပြန်ပါတယ်။
 
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အမည်မဖော်လိုတဲ့ ညွှန်ကြားရေးမှူး တဦးကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အတင်းအကျပ်ဖိအားပေးတယ်ဆိုတဲ့အချက်ကို ငြင်းဆိုသလို အုပ်ချုပ်ရေးတာဝန်ရှိသူတွေ နှုတ်ထွက်စာ တင်တာလည်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။
 
“ညွှန်ကြားထားတာပဲ အားလုံးက အတူတူပဲလေ၊ ဘာဖိအားမှ မပေးထားပါဘူး၊ အလုပ်သဘောအရ ပြောဆိုတာတော့ ရှိတယ်၊ ခုချိန်ထိ ရုံးကို နှုတ်ထွက်ဖို့ စာတင်ထားတာ တယောက်မှ မရှိပါဘူး၊ အဲဒါတွေက သတင်းအမှားတွေပါ” လို့ သူက ပြောပါတယ်။
 
မွန်ပြည်နယ် အခြေိစိုက် တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ ပါဝင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ပြတ်ပြတ်သားသားအ ရေးယူဆောင်ရွက်မယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
 
“သူတို့ (အုပ်ချုပ်ရေးမှူးတွေ)ကိုယ်တိုင်က ဒီရာထူးအပေါ်မှာ သာယာနေကြတာ၊ အခုမှမဟုတ်ဘူး၊ အာဏာသိမ်းစကတည်းက ထွက်ချင်ရင် ထွက်လို့ရနေတာပဲ၊ ခုမှ ဟိုဟာဖြစ်တယ်၊ ဒီဘာဖြစ်တယ်ဆိုတာက လက်မခံနိုင်ဘူး၊ ကိုယ်ဖြစ်ကိုယ်ခံ၊ နှုတ်ထွက်ဖို့ပဲ ပြောချင်တယ်” လို့ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက မှတ်ချက်ပြုပါတယ်။
 
၂၀၁၉ ခုနှစ်က ကောက်ယူခဲ့တဲ့ ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိနေပြီး အဲဒီအထဲကနေ သင်တန်းတကြိမ်ကို လူဦးရေ ငါးထောင်နှုန်းနဲ့ ခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်အနှံ့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စတင်နေပါတယ်။
 
ငွေရေးကြေးရေးကိစ္စတွေအပေါ်မှာ သာယာနေကြတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အခုလိုမျိုး ဖိအားပေးခံနေရတာက သူတို့အတွက် မပြောပလောက်တဲ့ ကိစ္စတွေသာ ဖြစ်တယ်လို့ စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
 
“သူတို့ (အုပ်ချုပ်ရေးမှူး)တွေက ပြောရင်ကြောက်တယ်၊ မလုပ်ချင်တော့ဘူး၊ တကယ်က ကင်းလွတ်ခွင့်ရချင်ရင် ပိုက်ဆံပေးဖို့ကိစ္စပဲ ပြောနေကြတာ၊ ဘာမှ သူတို့ ဖိအားပေးခံနေရတာမဟုတ်ဘူး၊ အဲလိုဖိအားပေးခံရလေ၊ သူတို့ဝင်ငွေကောင်းလေ ဖြစ်နေတာ၊ ဘယ်သူမှ မသနားဘူး” လို့ သူက ပြောပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်မှုထမ်းဖို့ ဝါဒဖြန့်စည်းရုံးထားတဲ့ စာတွေ ဖြန့်ဝေနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့