သုံးရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး လေပြင်းတိုက်ခတ်မှုလည်း ရှိနိုင်

မတ်၊ ၁၇
 
မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းနဲ့ပြည်နယ်အားလုံးမှာ လာမယ့်ရက်ပိုင်း မတ်လ ၂၀၊ ၂၁ နဲ့ ၂၂ ရက်တွေမှာ လေပြင်းတိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင်ချေလည်း ရှိတယ်လို့ မိုးလေဝသစောင့်ကြည့်သူတွေက ပြောသလို မိုးလေဝသနဲ့ ဇလဗေဒဌာနကလည်း ထုတ်ပြန်အသိပေးထားပါတယ်။
 
“တအား စိုးရိမ်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် အပီအပြင်ကြီးလည်း လုံးဝစိုးရိမ်စရာ မရှိဘူးလို့တော့ ပြောလို့မရဘူးပေါ့၊ ဘာလို့လဲဆိုတော့ ဒါက အချိန်အခါမဟုတ် ဖြစ်လာတဲ့ ထူးခြားတဲ့ မိုးလေဝသအခြေအနေ” လို့ မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က DNA ကို ပြောပါတယ်။
 
တရုတ်ပြည်မကြီးရဲ့ အရှေ့ဘက်ပင်လယ်ပြင်နဲ့ ကုန်းမြေထိစပ်တဲ့နေရာမှာ ဖြစ်လာတဲ့ လေဖိအားများရပ်ဝန်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဖြစ်လာတဲ့ လေဖိအားနည်းချိုင့်ဝှမ်းတွေကြောင့် တောင်တရုတ်ပင်လယ် အရှေ့မြောက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ပြင် တခုလုံးမှာ အရှေ့မြောက်မုတ်သုံလေ အားအလွန်ကောင်းလာနေတယ်လို့ သိရပါတယ်။
 
ဒီလို အားကောင်းလာပြီးနောက် တောင်တရုတ်ပင်လယ်နဲ့ ထိုင်းနိုင်ငံအတွင်းက မိုးတိမ်တိုက်တွေဟာ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေ၊ တနင်္သာရီတိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်အထိ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
 
ဒါအပြင့် အရှေ့တောင်ဘက်နဲ့ အနောက်ဘက်က လေစီးကြောင်းတွေကြောင့် မိုးတိမ်တိုက်တချို့ ကုန်းတွင်းကို ဝင်ရောက်လာနိုင်တဲ့အပြင် ရွေ့လျားရာလမ်းကြောင်းတလျှောက် လေပြင်းတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသစောင့်ကြည့်မှုအချက်အလက်တွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေကို ကိုးကားပြီး ဦးဝင်းနိုင်က ရှင်းပြပါတယ်။
 
အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေကြောင့် တိုင်းနဲ့ ပြည်နယ်အားလုံးမှာ အရှေ့ဘက်ကနေ လေပြင်း တနာရီ မိုင်နှစ်ဆယ်နှုန်းနဲ့အထက် တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
 
“အများဆုံး မိုင်သုံးဆယ်လောက်အထိတော့ တိုက်ခတ်နိုင်တယ်၊ အထက်ရောက်လာလေ အခုဖြစ်နိုင်တဲ့ ထူးခြားမှုအခြေအနေ သက်ရောက်မှုကတော့ နောက်ကျလေပဲ၊ အဲတော့ ၂၂၊ ၂၃ ရက်လောက်အထိကတော့ ဖြစ်နိုင်တယ်” လို့ သူကပြောပါတယ်။
 
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ကတော့ လာမယ့် မတ်လ ၂၀ ရက်ကနေ ၂၄ ရက်အတွင်း တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာတော့ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဒီကနေ့ ထုတ်ပြန်သတိပေးထားပါတယ်။
 
ဒီလို အချိန်အခါမဟုတ် မိုးရွာတာနဲ့အတူ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာနဲ့ လေပြင်းတိုက်ခတ်တာ စတာတွေ ဖြစ်နိုင်တာကြောင့် သတိပြုကြဖို့လည်း မိုး/ဇလ က အကြံပြုထားပါတယ်။
 
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ဘက်မှာတော့ မတ်လ ၂၀ ရက်ညလောက်ကတည်းက အခုလို ထူးခြားတဲ့အခြေအနေ ဖြစ်နိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ကနေ မန္တလေးတိုင်းဘက်တွေအထိကတော့ ၂၁ ရက်နဲ့ ကချင်ပြည်နယ် ဘက်မှာတော့ ၂၂ ရက်နေ့လောက်မှ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
 
မိုးရေချိန်အနေနဲ့ကတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့မှာ ၂၄ နာရီအတွင်း ၂၀ မီလီမီတာနဲ့အထက် ရှိနိုင်ပြီး မိုးရွာသွန်းနိုင်ချေက ၆၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဦဝင်းနိုင်က ပြောထားပါတယ်။
 
ရန်ကုန်တိုင်းအပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ မိုးရွာသွန်းနိုင်ချေက ၁၀ ကနေ ၅၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး မိုးရေချိန်ကလည်း ၂၄ နာရီအတွင်း ၅ မီလီမီတာခန့်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ကုန်းတွင်းဘက်ကို အဘက်ဘက်ကနေ ရွှေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်တိုက်တွေဟာ ငွေ့ရည်ဖွဲ့မှတ်ရောက်တဲ့နေရာမျိုးမှာ မိုးရေစက်တွေ၊ မိုးသီးတွေအဖြစ် မြေပြင်ကို ကျလာရာကနေ စိုက်ဆင်းလေပြင်းတွေလည်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
 
“သူက မြေပြင်အထိတော့ မိုးသီးသဘောမျိုး မရောက်ဘူး၊ လေထဲတင်အငွေ့ပျံသွားမှာ၊ ဒါပေမယ့် သူကျလာတဲ့ အရှိန်နဲ့ စိုက်ဆင်းလေပြင်းဆိုတာ ဖြစ်နိုင်တယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
 
စိုက်ဆင်းလေပြင်းတွေကတော့ အများအားဖြင့် မြေပြင်ကိုဆင်းသက်မယ့် လေယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး လေတိုက်နှုန်း များရင်တော့ ပင်လယ်တွေ၊ မြစ်၊ ချောင်းတွေမှာ သွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ လူနေရပ်ကွက်ထဲက အိမ်တွေ၊ သစ်ပင်တွေကိုပါ ထိခိုက်ပျက်စီးနိုင်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – U Win Naing FB