လောက်ကိုင်မြို့ ဗမာတန်းက နေအိမ်တွေကိုစဖြိုပေမယ့် လျော်ကြေးပေးဖို့ပြောတာ မရှိသေး

မတ်၊ ၁၇
 
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာတန်းက နေအိမ်တွေကို ဒီကနေ့ မတ်လ ၁၇ ရက်၊ မနက်ပိုင်းကစပြီး ကိုးကန့်တပ် (MNDAA)က ဖြိုချနေပြီလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
“မစားရက် မသောက်ရက်နဲ့ စုဆောင်းထားတာတွေ ကုန်ပြီပေါ့ဗျာ၊ ဖျက်နေတာကို တစိမ့်စိမ့်ထိုင်ကြည့်ဖို့ အင်အားလည်း မရှိဘူး၊ အိမ်ရှင်တွေတော့ အကုန်လုံးနီးနီး ရွှေ့ပြီးကုန်ပြီ” လို့ နေအိမ်ဖျက်ခံရတဲ့အထဲပါတဲ့ လောက်ကိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
တလမ်းသွား လမ်းနှစ်လမ်းရဲ့ အလယ်မှာရှိတဲ့ ဗမာတန်းခေါ် ပေါင်ဖုန်းလမ်းထဲက နေအိမ် ခြောက်ဆယ်ကျော်ကို လမ်းချဲ့ဖို့အတွက် ဖျက်ဖို့လိုလို့ဆိုကာ အိမ်ပိုင်ရှင်တွေအနေနဲ့ သုံးရက်အတွင်း ပြောင်းရွှေ့ပေးဖို့ MNDAA က မတ်လ ၉ ရက်ကတည်းက အကြောင်းကြားခဲ့တာပါ။
 
နေအိမ်ဖျက်ခံရတဲ့အထဲပါတဲ့ အိမ်ပိုင်ရှင်တွေကတော့ အခုလိုမဖျက်ခင် MNDAA တာဝန်ရှိသူတွေထံ အသနားခံစာတင်ပြီး နေအိမ်တွေကို မဖျက်ဖို့ တောင်းဆိုခဲ့ပေမယ့် ပြေလည်မှုတော့ မရရှိခဲ့ပါဘူး။
 
အဲဒီ ဗမာတန်းထဲမှာရှိတဲ့ နေအိမ်တွေထဲက ဆယ်လုံးလောက်ကိုသာ ဗမာလူမျိုးတွေ ပိုင်ကြတာဖြစ်ပြီး ကျန်တာတွေကတော့ ကိုးကန့်၊ တရုတ်နဲ့ ရှမ်းလူမျိုးတွေဆီကနေ ပြန်ငှားပြီး ဗမာတွေက ဆိုင်ဖွင့်ထားကြတာလို့ သိရပါတယ်။
 
ဗမာပစ္စည်းအဓိက ရောင်းချတဲ့နေရာဖြစ်လို့ ဗမာတန်းလို့ လူသိများတာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဗမာစကားပြောပြီး ဝယ်လို့ရနိုင်တဲ့ နေရာလို့လည်း ဆိုကြပါတယ်။
 
“တကယ်တမ်း လမ်းပိတ်တာက စျေးရှေ့လမ်းမ၊ လဝကရုံးဘက်လမ်း၊ ဗမာတန်းက ကျောင်းဆင်းချိန် ခဏပိတ်တာ၊ တလမ်းမောင်းကို ကားသုံးစီးအနေအထားနော်၊ အဲဒီလိုသွားလို့ရတဲ့လမ်းကို ကျဥ်းတယ်ဆိုတော့ အမြန်လမ်းဖောက် မလို့ထင်တယ်” လို့လည်း အထက်ပါ နေအိမ်ဖျက်ခံရတဲ့အထဲပါတဲ့ ဒေသခံက ပြောပါတယ်။
 
ဗမာတန်းထက် လမ်းပိုပိတ်လေ့ရှိတဲ့ စျေးရှေ့လမ်းမနဲ့ လဝကရုံး ဘက်လမ်းတွေကတော့ နှစ်လမ်းသွား လမ်းတွေဖြစ်ပေမယ့် ဗမာတန်း အရှေ့နဲ့ အနောက်မှာရှိကြတဲ့ တလမ်းသွားလမ်းတွေထက် သုံးပေလောက်သာ ပိုကျယ်တာဖြစ်ပြီး အဲဒီလမ်းတွေကိုတော့ ချဲ့ဖို့လုပ်နေတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
 
အခုလို နေအိမ်ဖျက်ခံရတဲ့အထဲပါတဲ့လူတွေကို MNDAA ဘက်က လျော်ကြေးပေးတာ မြေကွက်အစားထိုးပေးတာမျိုး မရှိသေးဘူးလို့လည်း ဆိုကြပါတယ်။
 
အဲဒီ ဗမာတန်းမှာ မြေကွက်ချည်းသက်သက် ပေလေးဆယ်ပတ်လည် မြေကွက်တကွက်ကိုပဲ တရုတ်ယွမ် သိန်းသုံးဆယ်ဝန်းကျင် (မြန်မာငွေ သိန်းတသောင်းခွဲဝန်းကျင်) ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
 
နေအိမ်ဖယ်ရှားခံရတဲ့လူတွေကို လျော်ကြေးပေးတာ၊ အိမ်ဆောက်ဖို့ နေရာအစားထိုးပေးတာမျိုး လုပ်ပေးဖို့ ရှိမရှိ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို DNA က မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
 
BBC မြန်မာပိုင်းကိုတော့ လောက်ကိုင်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတွေကို ပြင်ဆင်နေပြီး ဗမာတန်းတခုတည်းမဟုတ်ဘဲ တခြားလိုအပ်တဲ့ နေရာတွေမှာပါ ဖျက်ရမှာဖြစ်တယ်လို့ လီကျာဝင်းက ပြောဆိုထားပေမယ့် လျော်ကြေးပေးဖို့ ရှိမရှိ ဆိုတာကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
 
ဒါ့အပြင် လူမျိုးရေးအရ ဗမာတန်းမို့လို့ ဖျက်ခိုင်းတာလည်း မဟုတ်ဘူးလို့ လီကျာဝင်းက ပြောထားပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်လလောက်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ နှစ်ထောင်ကျော် MNDAA ဆီမှာ လက်နက်ချခဲ့ပြီးနောက် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လောက်ကိုင် မြို့ကို MNDAA ကပဲ အလုံးစုံထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
 
အဲဒီလို ထိန်းချုပ်ထားပြီးနောက်မှာတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကိုးကန့်ဒေသပြင်ပက အလုပ်သမားတွေ၊ ပညာရှင်တွေကိုလည်း ကိုးကန့်ဒေသမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့ MNDAA က ဖိတ်ခေါ် ထားပါတယ်။
ဒါပေမယ့် ကိုးကန့်ဒေသကို ခေါ်လာတဲ့ အလုပ်သမားတွေထဲ ရန်သူ့ သူလျှိုတွေ ပါလာရင် အဲဒီအလုပ်သမားတွေကို ခေါ်လာတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့လည်း MNDAA က သတိပေးထားပါသေးတယ်။
 
ဓာတ်ပုံ – CJ/Google Map
ပုံစာ – နေအိမ်တွေကို စတင်ဖျက်ဆီးနေပြီဖြစ်တဲ့ လောက်ကိုင်မြို့ ဗမာတန်းမြင်ကွင်း