ပူတင် လက်ဆောင်ပေးထားတဲ့ ဇိမ်ခံကားကို ကင်ဂျုံအန်း ပထမဆုံးအကြိမ် အသုံးပြု

မတ်၊ ၁၇

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီကနေ လက်ဆောင်ရထားတဲ့ ဇိမ်ခံကားကြီးကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ စီးနင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ကင်ဟာ ရုရှားနိုင်ငံကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပြီး အဲဒီနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြားက ဆက်ဆံရေးဟာ ပိုမို အားကောင်း ခိုင်မာလာခဲ့ပါတယ်။

ရုရှား ခရီးစဉ် အတောအတွင်းမှာ ပူတင်က ပြည်တွင်းဖြစ် Aurus Senat ဇိမ်ခံကားကြီးကို စီးကြည့်ဖို့ ကင်ကို တိုက်တွန်း ဖိတ်ခေါ်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း သဘောကျသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက Aurus Senat တစီးကို ကင်အတွက် ရုရှား အစိုးရက လက်ဆောင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ ကင်ဟာ ရုရှားရဲ့လက်ဆောင် ဇိမ်ခံကားကြီးကို ပထမဆုံးအကြိမ် စီးနင်း အသုံးပြုခဲ့ကြောင်း ကင်ရဲ့ ညီမအရင်းလည်းဖြစ်သူ မြောက်ကိုရီးယား အစိုးရ အဖွဲ့ဝင် ကင်ယိုဂျောင်က အတည်ပြုခဲ့ပါတယ်။

ရုရှားက ပေးအပ်တဲ့ လက်ဆောင် မော်တော်ကားကို တခမ်းတနား အသုံးပြုခြင်းဟာ ကင်ကိုယ်တိုင်က ရုရှားနဲ့ မြောက်ကိုရီးယားကြား ခင်မင်ရင်းနှီးမှုကို အထူးအလေးထားတယ် ဆိုတာကို မြင်သာစေချင်တဲ့ ပြယုဂ် တခုလို့ ကင်ယိုဂျောင်က ဆိုပါတယ်။

ရုရှား အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ Aurusကုမ္ပဏီထုတ် Senat ကားတွေဟာ အနောက်နိုင်ငံတွေရဲ့ ဇိမ်ခံမော်ဒယ်တွေကို လက်တွေ့ ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတဲ့ ရုရှားရဲ့ ပထမဆုံး ဇိမ်ခံဆီဒင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ပူတင် ကိုယ်တိုင်လည်း အဲဒီ ကားအသစ်ကို မိတ်ဆက်တဲ့ ၂၀၁၈ ခုနှစ်တုန်းက သမ္မတ စီးတော်ယာဉ်အဖြစ် အသုံးပြုပြခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားဟာ အထီးကျန် ကွန်မြူနစ် နိုင်ငံတခုအဖြစ် ရပ်တည်နေပေမယ့် ကင်ကိုယ်တိုင်မှာတော့ တရားမဝင် ခိုးဝှက် တင်သွင်းထားတဲ့ တန်ဖိုးကြီး ဇိမ်ခံကား တော်တော်များများ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပါတယ်။ သူဟာ ခရီးလှည့်လည် သွားလာမှုတွေမှာ Mercedes Maybach ဇိမ်ခံကား တစီးကို အသုံးပြုလေ့ရှိပြီး စိတ်တိုင်းကျ တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ရထား တစီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ကုလသမဂ္ဂ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အနည်းဆုံး ဒေါ်လာ ၁ သန်းကျော်လောက် တန်ဖိုးရှိတဲ့ ဇိမ်ခံကား တချို့ကို ယူအေအီး နိုင်ငံကနေတဆင့် တရုတ်ကို ပို့ဆောင်ပြီး အဲဒီကမှ မြောက်ကိုရီးယား ပိုင်နက်ထဲကို လက်ဆင့်ကမ်း ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

Ref: AP