မတ် ၊ ၁၆
စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်က ကနီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က စစ်ကူအများအပြားထပ်ပို့တာ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရ တယ်လို့ အမှတ်(၁)စစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က အခုလ ၂ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် ကနီမြို့မှာ ပထမဆုံးအကြိမ်အဖြစ်ဆယ်ရက်ကြာ မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၇ဦးသေဆုံးပြီး အဲ့ဒီအထဲက ၁၁ဦးကိုတော့ အလောင်းပါရပြီးအတည်ပြု နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ချက် မှာဖော်ပြပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ၁၁ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၁၁လက် ၊ဗုံးသီးမျိုးစုံ ငါးဆယ်ကျော်၊ကျည်မျိုးစုံ ၁၃၀၀ ကျော်အပါအဝင် ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့ရရှိခဲ့ တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း ကနီမြို့မှာ အခြေချနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၈၇၊၈၉၊၂၂၂ ၊ခမရ ၃၁၃ ပူးပေါင်းအင်အား တရာ ကျော်၊လေကြောင်းနဲ့ပို့ခဲ့တဲ့ ထပ်တိုးအင်အား ၁၂၀ ဝန်းကျင်အပြင် ရေဦးဘက်ကနေ စစ်ကူလာတဲ့ အင်အား ရှစ် ဆယ်ပါ ဘီလူးစစ်ကြောင်း စုစုပေါင်း သုံးရာကျော်ကို ဒေသအခြေစိုက် PDF တပ်ရင်း၊တပ်ဖွဲ့တွေ တော်လှန်ရေး အင်အားစုတွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲအတွင်း MI-35၊ဂျက်ဖိုက်တာတို့နဲ့ လေကြောင်းတိုက်ခိုက်မှု ၅၄ကြိမ်လုပ်ခဲ့သလို ထောက်ပို့ လေယာဉ် Y-12 နဲ့လည်း ဗုံးသီးအလုံး တရာကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကနီမြို့တွင်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မြို့ခံအပါအဝင် မြို့အနီး ကျေးရွာတွေက ဒေသခံခြောက်ထောင်လောက် တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတဦးက မတ်လ ၉ရက်မှာ DNAကိုပြောထားပါတယ်။
တိုက်ပွဲအတွင်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကနီမြို့တွင်းက နေ အိမ်နဲ့ အဆောက်အဦအများအပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောကြပါတယ်။
ခမ်းပတ်၊ကောလင်းနဲ့ ရွှေပြည်အေးမြို့သစ်တို့ အပြီး ကနီမြို့ဟာ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ဘက် သိမ်းပိုက်နိုင်တဲ့ နောက်ထပ်မြို့တခုဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် ဆယ်ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ပြန်ဆုတ်ခွာခဲ့ကြတာပါ။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသတွေပါဝင်တဲ့ အမှတ်(၁)စစ်ဒေသဟာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးခေါင်လွန်း ကိုယ်တိုင် စစ်ဒေသမှူးအဖြစ် တာဝန်ယူထားကာ KIA အရာရှိတွေက ခရိုင်ကွပ်ကဲရေးတာဝန်ယူထားတဲ့ ဒေသဖြစ် ပါတယ်။
photo အမှတ်(၁)စစ်ဒေသ/Paye Aung Naing/DRPA