ယူကရိန်း တောင်ပိုင်းက အိုဒက်ဆာမြို့မှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်ဆယ်ကျော်သေဆုံး

မတ် ၊ ၁၆

ယူကရိန်း တောင်ပိုင်းက ဆိပ်ကမ်းမြို့ တခုဖြစ်တဲ့ အိုဒက်ဆာမှာ ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

မတ်လ ၁၅ ရက်တုန်းက အိုဒက်ဆာမှာ ဒုံးကျည်နဲ့ ဒရုန်းတွေ ကျရောက် ပေါက်ကွဲခဲ့ပြီး ၂၀ ထက်မနည်း သေဆုံးတဲ့အပြင် ၇၅ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ပြီးတော့ ထိခိုက် ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ပင်လယ်နက်နဲ့ ထိစပ်နေတဲ့ မြို့မှာ ရုရှား ဒုံးကျည်တွေက လူနေဧရိယာတွေကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တယ်လို့လည်း ယူကရိန်းက စွပ်စွဲထားပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိုဒက်ဆာကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ပထမအသုတ် ဒုံးကျည်တွေ ကျရောက်ခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေပါ ဒုတိယမြောက် ဒုံးကျည် ထိမှန်ချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုမှာ အိမ်အလုံးပေါင်း ဆယ်ဂဏန်းလောက်နဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ လူနာတင်ယာဉ်တွေပါ ပျက်စီးခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့တုန်းကလည်း အိုဒက်ဆာမှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု တခုကြောင့် လူနေအိမ် တလုံးထဲမှာ ကလေး ၅ ဦး အပါအဝင် လူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ 

မတ်လ ၆ ရက်နေ့တုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဧည့်သည်တော် ဂရိ ဝန်ကြီးချုပ် ကိုင်ရီရာကော့စ် မစ်ဆိုတာကစ်ကို အိုဒက်ဆာတဝိုက် လှည့်လည် ပြသနေတုန်း အနီးမှာ ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံ ၅ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားကတော့ ယူကရိန်းက အရပ်ဖက် ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ် ဆိုတာကို ငြင်းဆိုပြီး စစ်ရေး အဆောက်အအုံတွေကိုသာ ဒုံးကျည်တွေနဲ့ တိတိကျကျ ချိန်ရွယ် ပစ်ခတ်ခဲ့တာလို့ ပြောကြားထားပါတယ်။

Ref: Al Jazeera